မန်စီးတီး ဘယ်နှမှတ်ထိ အမှတ်လျှော့ ပြစ်ဒဏ် ခံရနိုင်လဲ သုံးသပ် အကြံပြုလာတဲ့ ကျွမ်းကျင်သူ ကီရန်

မန်ချက်စတာစီးတီးဟာ ဒီနေ့ တနင်္လာနေ့မှာ ပရီးယားလိဂ်က စွဲချက်တင်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ မှုကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ပတ်သက်ပြီး စတင် ကြားနာစစ်ဆေးခြင်း ခံရပြီ ဖြစ်ပါတယ်။

စွဲချက်တွေ အတိုင်း ပြစ်မှုထင်ရှားရင် ရမှတ် ၁၀၀ အထိ လျှော့ခံရနိုင်တယ်လို့ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေမှန်ကို ပေးသိခဲ့ခြင်းမရှိခဲ့မှုကြောင့် အမှုပေါင်း ၁၁၅ မှုအထိ စွဲချက်တင်ခံထားရတာဖြစ်ပါတယ်။

အဲဒီထဲမှာ ကစားသမားတွေနဲ့ နည်းပြလစာပေးချေမှု အသေးစိတ်အချက်အလက်တွေကို ဖော်ပြဖို့ ပျက်ကွက်ခြင်း၊ နိုင်ငံနဲ့ တိုက်ကြီးများရဲ့ သာတူညီမျှ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခြင်းနဲ့ ပရီးမီးယားလိဂ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခြင်းတို့လည်း ပါဝင်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ အမှုကို ဒီနေ့မှာ စတင်ကြားနာသွားမှာဖြစ်ပေမယ့်လည်း ဘယ်နေရာမှာ ကြားနာစစ်ဆေးသွားမလဲဆိုတာ မသိရဘဲ အစောဆုံး ၂၀၂၅ ခုနှစ် ဇန်နဝါရီလလောက်မှာ အမိန့်ချမှတ်သွားဖွယ်ရှိပါတယ်။

ဒီစွဲချက်တွေဟာ ၂၀၀၉ ခုနှစ်ကနေ စပြီး ၉ နှစ်အတွင်း ချိုးဖောက်ခဲ့တဲ့ အမှုတွေနဲ့ စပ်လျဉ်းပြီး စွဲချက်တင်ခံခဲ့ရတာဖြစ်ပြီး စွဲချက်တွေသာ မှန်ကန်ကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် ဘောလုံးဘဏ္ဍာရေး အထူးကျွမ်းကျင်သူ ကီရန် မက်ဂွိုင်းယားက ပရီးမီးယားလိဂ်ဟာ မန်စီးတီးကို အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်သွားလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

ကီရန် က မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ကို တန်းဆင်းသွားစေနိုင်မယ့် ရမှတ် ၁၀၀ လျှော့ချတဲ့ ပြစ်ဒဏ်ချမှတ်သွားဖို့က အရမ်းကို ဖြစ်နိုင်တဲ့ အလားအလာရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။