ချယ်ဆီးတိုက်စစ်မှာ ၉ ဦးထိ ရှိနေလို့ ဆန်ချိုနဲ့ ဖီးလစ်ကို ဝမ်နင်ပေးလိုက်တဲ့ နည်းပြ မာရက်စ်ကာ

ချယ်ဆီး ကစားသမားသစ်တွေဖြစ်တဲ့ ဂျေဒန် ဆန်ချိုနဲ့ ဂျာအို ဖီးလစ်တို့အနေနဲ့ အသင်းမှာ ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူးဆိုရင် ပွဲကစားခွင့်တွေ မရနိုင်ဘူးလို့ ချယ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာက သတိပေးစကား ဆိုလိုက်ပါတယ်။

ဒီနွေမှာ ကစားသမား အပြောင်းအရွှေ့တွေကို ခပ်ကြမ်းကြမ်း လုပ်ဆောင်ထားတဲ့ ချယ်ဆီးအသင်းဟာ အသင်းတိုက်စစ်ပိုင်းအတွက် ဂျာအို ဖီးလစ် ၊ ဆန်ချို ၊ နက်တိုနဲ့ မာ့ခ် ဂီယူတို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပြီး အသင်းမှာကလည်း အန်ကွန်ကူ ၊ ဂျက်ဆင် ၊ မူဒရစ် ၊ မာဒူအက်ခေး နဲ့ ပါလ်မာတို့လို တိုက်စစ်ကစားသမားတွေလည်း ရှိနေပြန်ပါတယ်။

ချယ်ဆီးရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမား (၉)ဦးလောက်အထိ ရှိနေတာကြောင့် ပွဲကစားခွင့်တွေ များများ ရရှိဖို့အတွက် ခြေစွမ်းကောင်းတွေ ပုံမှန်ပြသနိုင်ဖို့ လိုအပ်နေပြီး အသင်းအတွက် အကျိုးပြုနိုင်ဖို့လည်း လိုအပ်နေပါတယ်။

အထူးသဖြင့် ဒီနွေမှ အသင်းဆီကို ပြောင်းရွှေ့လာတဲ့ ကစားသမားသစ်တွေက အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ လိုအပ်နေပါတယ်။

အခု အသင်းရဲ့ဘယ်ခြမ်းမှာ မူဒရစ် ၊ ဂျာအို ဖီးလစ်နဲ့ ဆန်ချိုတို့ ရှိနေကြပြီး ဖီးလစ်နဲ့ ဆန်ချိုတို့က တခြားနေရာတွေမှာပါ ကစားနိုင်သူတွေ ဖြစ်ပေမယ့်လည်း ဒီကစားသမားတွေသာ အသင်းအတွက် ခြေစွမ်းမပြနိုင်ရင် အသင်းမှာ နေရာပျောက်လိမ့်မယ်လို့ နည်းပြ မာရက်စ်ကာက အသိပေးလိုက်ပါတယ်။

“ဆန်ချိုနဲ့ ဂျာအို ဖီးလစ်တို့ အသင်းနဲ့ စတင် ပူးပေါင်းချိန်တုန်းက သူတို့နဲ့ ကျွန်တော် စကားပြောခဲ့ပြီးတော့ မင်းတို့ ဒီကိုရောက်ပြီး ဒီမှာ ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုရင် မင်းတို့တွေ ပွဲကစားခွင့် ရမှာမဟုတ်ဘူးဆိုတာကို ကျွန်တော် ပြောပြခဲ့တယ်။ သူတို့ ဒီကို မရောက်ခင်ကတည်းက သူတို့အတွက် သတင်းစကားက ရှင်းရှင်းလင်းလင်း ရှိနေတာပါ။” လို့ မာရက်စ်ကာက ပြောဆိုခဲ့ပါတယ်။