ချယ်ဆီးနဲ့ ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ပြီး MOTM ဆု ပါ ရခဲ့တဲ့ ဆန်ချိုရဲ့ ပွဲပြီး ပျော်ရွှင် ကျေနပ် စကား

နွေအပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့မှာ မန်ချက်စတာ ယူနိုက်တက်ကနေ ချယ်ဆီးထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဟာ မနေ့ညက ဘုန်းမောက်နဲ့ ချယ်ဆီး တို့ပွဲမှာ ပါဝင် ကစားရင်း ခြေစွမ်းပြကာ Man of the match ဆုပါ ရခဲ့ပါတယ်။

ဆန်ချိုကတော့ ချယ်ဆီးနဲ့ ပထမဆုံးပွဲမှာတင် အသင်း အတွက် အစွမ်းပြနိုင်ခဲ့တာ ဖြစ်ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဆန်ချိုက ပွဲထွက်ခွင့်မရခဲ့ပေမယ့် ဒုတိယပိုင်းမှာ နတ်တိုရဲ့နေရာကို လူစားဝင်ခဲ့ပါတယ်။ ပွဲပြီးခါနီး (၈၆) မိနစ်မှာတော့ အန်ကွန်ကူက ချယ်ဆီးအတွက် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ဒီသွင်းဂိုးအတွက် ဆန်ချိုက ဖန်တီးပေးခဲ့တာပါ။

ညက ပွဲ အပြီးမှာ ဆန်ချိုက “ဒီလို အခိုက်အတန့်ကို ရရှိဖို့အတွက် ကျွန်တော် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပါတယ်။ အခွင့်အရေး ရရှိခဲ့လို့လည်း ကျွန်တော် ဝမ်းသာမိပါတယ်။”

“ဒီနေရာမှာ ရှိနေရတာကိုလည်း အရမ်း ပျော်ရွှင်မိပါတယ်။ အသင်းက ဝန်ထမ်းတွေနဲ့ အသင်းဖော် ကစားသမားတွေ အားလုံးကိုလည်း ကျေးဇူးတင်ရမှာပါ။ ကျွန်တော် ဒီအသင်းကို ပထမဆုံးအကြိမ် စရောက်ချိန်ကတည်းက သူတို့အာလုံးရဲ့ လှိုက်လှိုက်လှဲလှဲ ဝိုင်းဝန်း ကြိုဆိုမှုကို ရခဲလို့ သက်တောင့်သက်သာ ခံစားမိရပါတယ်။ အရမ်း ပျော်ရွှင်မိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

တကယ်တော့ ဆန်ချိုဆိုတာက ဒေါ့မွန်အသင်းနဲ့အတူ အတော်လေးကို တောက်ပခဲ့သူ ဖြစ်ပေမယ့် ဒေါ့မွန်ကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာ ဒေါ့မွန်မှာလို ခြေစွမ်းမျိုးတွေ မပြသနိုင်တော့ပဲ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့အတွက်ကိုပါ ရုန်းကန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ လက်ကျန် ရာသီဝက်မှာ အသင်းဟောင်း ဒေါ့မွန်ဆီ အငှားနဲ့ ပြန်ပြောင်းရွှေ့ခဲ့တဲ့ ဆန်ချိုဟာ ဒေါ့မွန်ဆီကို အပြီးသတ် မပြောင်းနိုင်ခဲ့လို့ ယူနိုက်တက်ဆီ ပြန်လာရင်း တန်ဟက် နဲ့လည်း ပြန်လည် အဆင်ပြေခဲ့ပေမယ့် အသင်းမှာက အနာဂတ် မရှိတော့တာကြောင့် အသင်းကနေ အငှားနဲ့ ထပ်မံ ထွက်ခွာခဲ့ရကာ ချယ်ဆီးထံ အငှား + အပြီးပြောင်းခွင့်နဲ့ ရောက်လာတာ ဖြစ်ပါတယ်။