
မန်စီးတီးနဲ့ တိုက်စစ်မှူးဟာလန်းတို့ကတော့ ပြိုင်ဘက်တိုင်းအတွက် မနာလိုချင်စရာကောင်းလောက်အောင် စွမ်းဆောင်ပြနေပြီး သူတို့ရဲ့ စွမ်းဆောင်ရည်ကြောင့် ပရီးမီးယားလိဂ်က တစ်ကောင်တည်း ပြေးတဲ့ မြင်းလို ပြိုင်ပွဲတောင် ဖြစ်လာပါပြီ။
မနေ့ညက ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပွဲအစ ၂၂ စက္ကန့်မှာပဲ တိုက်စစ်ကစားသမား ဝီဆာက ခေါင်းတိုက်အဖွင့်ဂိုးသွင်းခဲ့ပြီး ဒီဂိုးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် လက်ရှိချန်ပီယံအသင်းဘက်ကို အမြန်ဆုံးသွင်းယူနိုင်တဲ့ ဂိုးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
မထင်မှတ်ဘဲ စောစောစီးစီး ဂိုးပေးလိုက်ရပေမဲ့ မန်စီးတီးဟာ ချန်ပီယံအသင်းကြီးပီပီ ပုံမပျက်သွားဘဲ ကိုယ့်ကစားကွက်အတိုင်း ဘရန့်ဖို့ဒ်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။
အဲဒါကြောင့်ပဲ ၁၉ မိနစ်မှာ ဟာလန်းက ချေပဂိုးသွင်းယူခဲ့သလို ၃၂ မိနစ်မှာ ဂိုးသမားအီဒါဆင် ကန်တင်ပေးတာကနေ ဟာလန်းက ဘောလုံးဆွဲပြေးပြီး ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။
ဒီပွဲပြီးရင် ပွဲကြပ်တွေ ဆက်တိုက်ကစားရမယ့် မန်စီးတီးကတော့ ဒုတိယပိုင်းမှာ ပွဲကိုထိန်းချုပ်ဖို့သာ ဦးတည်ကစားသွားပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ဇယားထိပ်မှာ ဦးဆောင်နေခဲ့ပါတယ်။
အီဒါဆင်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု စုစုပေါင်း ၄ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် သူ့ထက် ဂိုးဖန်တီးမှုအကြိမ် ပိုများတာဆိုလို့ စပါးအသင်းနာမည်ကျော် ဂိုးသမားဟောင်း ပေါလ်ရော်ဘင်ဆင် (၅ ကြိမ်)တစ်ဦးသာရှိပါတော့တယ်။
ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်မှာပဲ ဟာလန်းရဲ့သွင်းဂိုးက ၉ ဂိုး အထိရှိလာပြီဖြစ်တာကြောင့် ပြိုင်ပွဲသမိုင်းမှာ ရာသီအစ ၄ ပွဲအပြီး ၉ ဂိုးအထိသွင်းနိုင်တဲ့ တိုက်စစ်မှူး ဆိုလို့ ဟာလန်း တစ်ယောက်သာရှိပါတယ်။
ဒါတောင် ဟာလန်းဟာ ၃ ပွဲဆက်တိုက် ဟက်ထရစ်ရနိုင်တဲ့ အခွင့်အရေးကောင်းတွေရခဲ့ပြီး ဘရန့်ဖို့ဒ်ဂိုးသမားဖလက်ကင် လက်စွမ်းပြကာကွယ်နိုင်လို့သာ ကံဆိုးခဲ့ရတာပါ။
တစ်ဖက်ကပွဲမှာ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ နော်တင်ဟမ်ဖော်ရက်စ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် ရာနှုန်းပြည့် နိုင်ပွဲမှတ်တမ်းနဲ့အတူ မန်စီးတီးအသင်းက အမှတ်ပေးဇယားကို ၃ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါပြီ။