
ချဲလ်ဆီးအသင်းဟာ ဘုန်းမောက်ကို အန်ကန်ကူရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲမှာ ပရီးမီးယားလိဂ်စံချိန်သစ်ပါ တင်ခဲ့ပါတယ်။
ချဲလ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ချဲလ်ဆီးအတွက် ပထမဆုံးပွဲ ကစားလာတဲ့ ဆန်ချိုရဲ့ ပေးပို့မှုကနေ အန်ကန်ကူက ဘုန်းမောက် ကစားသမား ၂ဦးအကြား လှည့်ထွက်ထိုးဖောက်ကာ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
ပွဲအတွင်း နှစ်ဖက်ကစားသမားတွေ ခပ်ကြမ်းကြမ်းကစားခဲ့ကြလို့ ဒိုင်လူကြီးက အဝါကတ် ၁၄ ကတ်အထိ ပြသခဲ့ရပြီး ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ပွဲတည်း အဝါကတ်အများဆုံး အပြခံရတဲ့ပွဲအဖြစ် သမိုင်းမှတ်တမ်းဝင်သွားတာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် သမိုင်းမှာ အဝါကတ်အများဆုံးပြသခံရတဲ့ပွဲအဖြစ် ၂၀၁၆ ခုနှစ် ချဲလ်ဆီးနှင့် စပါးစ်ပွဲ၊ ၂၀၁၀ ခုနှစ် ဝုဗ်နှင့် နယူးကာဆယ်တို့ပွဲတို့က အဝါကတ် ၁၂ ကတ်ဖြင့် ရပ်တည်ခဲ့တာပါ။
ချဲလ်ဆီးနည်းပြမာရက်စ်ကာကတော့ “အဝါကတ်အရေအတွက်များတာ ကျွန်တော့်အတွက် ပြဿနာမဟုတ်ပါဘူး။ တခါတလေ ပွဲရဲ့ တောင်းဆိုမှုအရ လုပ်ရတာ ရှိပါတယ်”လို့ ပြောကြားသွားပါတယ်။
ချဲလ်ဆီးဟာ ဘုန်းမောက်နိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၇ နေရာသို့ တက်လှမ်းလာခဲ့ပါတယ်။ ၎င်းတို့ဟာ လာမယ့် စနေနေ့မှာ ဝက်စ်ဟမ်းနှင့် ရင်ဆိုင်ကစားရပါမယ်။