
နိုင်ငံတကာ သီတင်းပတ် အပြီး ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်ချိန်မှာတော့ ချယ်ဆီးအသင်းဟာ ဘုန်းမောက်နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ကစားရမှာပါ။
ပွဲကတော့ မနက်ဖြန် စနေနေ့ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဘုန်းမောက် ကို အဝေးကွင်းမှာ ချယ်ဆီး အနိုင်ကန်နိုင်မယ် မထင်ကြောင်း အခုလို သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီပွဲက ဒီတပတ် ပြောရ အခက်ဆုံး ပွဲပါ။ ဘုန်းမောက်က နောက်ဆုံးကစားထားတဲ့ ပွဲမှာ အဲဗာတန်ကို ၂-ဝ နဲ့ ရှုံးနေရာကနေ အဆုံးမှာ ၃-၂ နဲ့ နိုင်ပွဲ ရသွားခဲ့တယ်။
ချယ်ဆီးရဲ့ ပဲလေ့စ်နဲ့ သရေပွဲကလည်း အဲဒီပွဲနဲ့ ဆင်တယ်။ ချယ်ဆီးကတော့ အရင် ဂိုးသွင်းတယ်၊ ပဲလေ့စ်က ပြန်ချေပတယ်။
ဒီတော့ ဒီတပတ် ပွဲက အတော် ခန့်မှန်းရ ခက်နေတယ်။ ချယ်ဆီး ဘယ်လို ပွဲထွက်လာမလဲ ဆိုတာလည်း မှန်းရခက်တယ်။ သူတို့က ခြေစွမ်း မငြိမ်ဘူး။ အခုထိ ၃ ပွဲ ကစားထားတာမှာ ရှုံးပွဲ ၁ပွဲ၊ နိုင်ပွဲ ၁ ပွဲနဲ့ သရေ ၁ ပွဲ ရထားတယ်။ ဒါဆိုရင် သဘောပေါက်ရောပေါ့ဗျာ။
ချယ်ဆီးက ပွဲတစ်ပွဲကို ၃-ဝ၊ ၄-ဝ လောက်နဲ့ နိုင်ရင်လည်း နိုင်သွားနိုင်သလို ရှုံးလည်း သွားနိုင်တယ်။ ဒီပွဲ ချယ်ဆီး ရှုံးရင်လည်း ကျွန်တော် အံ့သြမိမှာ မဟုတ်ဘူး။
ဂျေဒန် ဆန်ချို ဒီအသင်းမှာ ဘယ်လို အံ့ဝင်နိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပဲ။ သူ ဒီအသင်းမှာ အရန်ခုံ ထိုင်နေဖို့ လာတာတော့ မဟုတ်ဘူး၊ သေချာပေါက် ပါဝင် ကစားရမှာပဲ။ သူသာ အလုပ် မဖြစ်ဘူးဆိုရင်တော့ ပြသနာကြီးပါ။
သူတို့က တိုက်စစ်မှာ နစ်ကိုးလပ်စ် ဂျက်ဆင် နောက်ကနေ ဆန်ချို၊ ကိုးလ် ပါမာ၊ မာဒူကီ တို့နဲ့ ပွဲထုတ်လာဖွယ် ရှိပါတယ်။ ဒါပေမယ့် သူတို့ နိုင်ပါ့မလား ကျွန်တော် သံသယ ရှိတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်
ဘုန်းမောက် ၁-၁ ချယ်ဆီး ဖြစ်ပါတယ်။