ဒဏ်ရာ ရသွားတဲ့ ချဲလ်ဆီး လူသစ်၊ မပြောင်းနိုင်ခဲ့တဲ့ ဖိုဖာနာ၊ ပိုင်ရှင်တွေ ကြေကွဲအောင်လုပ်သွားသူများနဲ့ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီး အသင်းရဲ့ ဒိန်းမတ် ကြယ်ပွင့် ဂိုးသမား ဖိလစ် ယော်ဂင်ဆန်ဟာ မနေ့ညက ကစားသွားတဲ့ ချက် ယူ၂၁ အသင်းနဲ့ ပွဲမှာ ဒဏ်ရာ ရသွားကြောင်း သိရပါတယ်။ ယော်ဂင်ဆန်ရဲ့ ဒဏ်ရာ ဘယ်လောက်ထိ ပြင်းထန်လဲ ဆိုတာတော့ မသိရသေးပါဘူး။

ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ဟာ လက်ရှိ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ အပယ်ခံ ကစားသမား စာရင်းထဲမှာ ပါဝင်နေပေမယ့် အခွင့်အရေးရရင် ချဲလ်ဆီးမှာပဲ ဆက်ကစားချင်သေးကြောင်း ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြလာပါတယ်။

ချဲလ်ဆီး အသင်းဟာ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒေးဗစ် ဒတ်ထရို ဖိုဖာနာကို ဂရိကလပ် AEK အေသင် အသင်းသို့ အငှားချဖို့ ယမန်နေ့ညက အစွမ်းကုန် ကြိုးပမ်းခဲ့ပေမယ့် ဂရိ ဈေးကွက် ပိတ်သိမ်းချိန် အမှီ အပြီးမသတ်နိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

ဖိုဖာနာဟာ ချဲလ်ဆီးရဲ့ အပယ်ခံ ကစားသမား စာရင်းမှာ ပါဝင်နေပြီး အခုထိ ဈေးကွက် ဖွင့်နေဆဲ ဖြစ်တဲ့ တူရကီ ကလပ်များထံမှ ကမ်းလှမ်းမှုတွေ ရောက်လာဖို့သာ မျှော်လင့်ရဖွယ် ရှိနေပါတယ်။

လက်ရှိ ချဲလ်ဆီး ပိုင်ရှင်တွေ ဖြစ်ကြတဲ့ ဘာဒက် အဂ်ဘာလီနဲ့ တော့ဒ်ဘိုလီတို့ဟာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ်ထံမှ ကလပ်ကို ဝယ်ယူပြီးပြီးချင်း အဓိက ကျောရိုး ခံစစ်မှူး ၂ဦး ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါနဲ့ အန်ဒရီယာစ် ခရစ်တန်ဆန်တို့ကို အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့ရလို့ အတော် နာကျင်ခဲ့ရကြောင်း သိရပါတယ်။

အခုအခါမှာ ရူဒီဂါဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပွဲထွက် ခံစစ်မှူး အဖြစ် ရပ်တည်နေကာ ခရစ်တန်ဆန်ဟာလည်း ဘာစီလိုနာ အသင်းရဲ့ အဓိက ခံစစ်မှူး အဖြစ် ကစားခွင့် ရနေပါတယ်။

ချဲလ်ဆီး အသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကတော့ ၂၀၂၃ ခုနှစ် အတွင်းက မီးနီ ဖြတ်ခဲ့သလို၊ သတ်မှတ် အမြန်နှုန်းထက် ပိုမောင်းခဲ့တာကြောင့် တရားရုံးမှာ ကြားနာမှု ခံယူခဲ့ရကာ ပြစ်မှု ထင်ရှားခဲ့လို့ အခုအခါမှာ ယာဉ်မောင်းခွင့် ၆လ အပိတ်ခံလိုက်ရပြီး ဒဏ်ကြေး ပေါင် ၃၀၂၀ ဆောင်ရမှာ ဖြစ်ပါတယ်။