ချဲလ်ဆီးကနေ စတာလင် လွင့်သွားရတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ ချက်ကျလက်ကျ ရှင်းပြလာသူ

ချဲလ်ဆီး အသင်းဟာ နွေရ ဈေးကွက် နောက်ဆုံးရက်မှာ အင်္ဂလန် ဝါရင့် တောင်ပံ ကစားသမား ရာဟင်း စတာလင်ကို မြို့ခံပြိုင်ဖက် အာဆင်နယ် အသင်းထံ တရာသီ အငှားချခဲ့ပါတယ်။

ရာသီသစ် မစတင်ခင် အပြီးသတ် ကစားသမား စာရင်းက ဖယ်ရှားခံခဲ့ရတဲ့ အပေါ် စတာလင်ရဲ့ အသိုင်းအဝိုင်းက အတော်လေး မကျေမနပ် ဖြစ်ခဲ့ပါတယ်။

ဒီအတွက်ကြောင့် Statement ထုတ်ပြန်ခဲ့တဲ့ အထိ ၂ဦး၂ဖက် အခြေအနေ တင်းမာခဲ့ကာ ချဲလ်ဆီးကတော့ စတာလင်ကို အပြီးသတ် ထုတ်ရောင်းချင်ခဲ့ပေမယ့် အဆုံးမှာ အပြီးသတ် ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်မယ့် အသင်း ပေါ်မလာခဲ့တာကြောင့် အာဆင်နယ်ထံသို့ အငှားပို့လိုက်ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ အာဆင်နယ် နောက်ခံလူဟောင်း ဝီလီယမ် ဂါလက်စ်ကတော့ မန်စီးတီးကနေ ချဲလ်ဆီးသို့ ပေါင်သန်း ၄၀နဲ့ ရောက်လာခဲ့တဲ့ ၂ရာသီ အတွင်း မျှော်မှန်းထားတဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့လို့ အခုအချိန်မှာ ဖယ်ရှားခံခဲ့ရတာနဲ့ ပတ်သက်ပြီး စတာလင် အနေနဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရမယ်လို့ ဆိုသွားပါတယ်။

ဂါးလက်စ် က ” ကိုယ်ရောက်နေတဲ့ ကလပ်နဲ့ အလုပ်မဖြစ်တဲ့အခါ တခါတလေမှာ ကစားသမားတွေဟာ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ဖို့ လိုပါတယ်။ ဒါဟာ ရာဟင်း စတာလင်ရဲ့ ချဲလ်ဆီးမှာ ရှိနေခဲ့စဉ်က အခြေအနေမျိုးပါပဲ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂နှစ် အတွင်း သူ ခြေစွမ်းမပြနိုင်ခဲ့လို့ပါ။ ”

” သူဟာ အဲဒီ ကာလအတွင်း လုံလုံလောက်လောက် ဂိုးတွေ မသွင်းနိုင် ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ မန်နေဂျာသစ်က သူ့ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေခဲ့မှာပါ။ ဒါကြောင့် သူ့ကို အသင်းမှာ မထည့်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ် ။ ဒါက မန်နေဂျာရဲ့ အမှား မဟုတ်ပါဘူး။ ”

” အခုဆို လူတိုင်းဟာ သူ အာဆင်နယ်မှာ ဘာတွေ လုပ်ပြမလဲ ဆိုတာ စိတ်ဝင်စားနေကြပါပြီ။ တခါတလေမှာ ကစားသမားတွေဟာ ကိုယ့်ဆီကနေ အကောင်းဆုံး ပုံစံ ထုတ်ယူနိုင်ဖို့၊ မန်နေဂျာဆီက ချစ်ခြင်းမေတ္တာတွေ ခံစားဖို့ လိုအပ်တတ်ကြပါတယ်။ ”

” ကျွန်တော့ တဦးတည်း အတွက်တော့ မန်နေဂျာဆီကနေ ဒါမျိုး လိုအပ်တယ်လို့ မခံစားရပါဘူး။ မန်နေဂျာက ကျွန်တော့ကို မကြိုက်ဘူးဆိုရင်တောင် ကျွန်တော် ပုံမှန် ကစားခွင့် ရဖို့ အတွက် ခြေစွမ်း လုံလုံလောက်လောက် ပြနိုင်အောင် ကြိုးစားပါတယ် ။ ဒါမှ သူ ကျွန်တော့ကို အရန်ခုံဆီ မပို့နိုင်မှာပါ။ ” လို့ ပြောကြားခဲ့ပါတယ်။

တဖက်မှာ စတာလင်ဟာ ချဲလ်ဆီးရဲ့ ဖယ်ရှားမှုကို ခံခဲ့ရအပြီး ၊ မြို့ခံဒါဘီပြိုင်ဖက် အာဆင်နယ်မှာ သူ ဘာတွေ လုပ်ပြနိုင်ကြောင်း သက်သေပြဖို့ စိတ်ဆန္ဒ ပြင်းပြနိုင်သလို ၊ မန်စီးတီးမှာ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ အာတီတာနဲ့ ပြန်လည် လက်တွဲရမှာ ဖြစ်လို့ ချဲလ်ဆီးမှာထက် ပိုပြီး အဆင်ပြေဖို့ မျှော်လင့်ရပါတယ်။

အသက် ၂၉နှစ် အရွယ်ရှိ စတာလင်ဟာ ချဲလ်ဆီးနဲ့ စာချုပ် သက်တမ်း ၂နှစ် ကျန်နေသေးပြီး အာဆင်နယ်ကို အငှားသက်သက်နဲ့ ရောက်သွားတာကြောင့် ရာသီကုန်တာနဲ့ ချဲလ်ဆီးထံ ပြန်လာရဦးမှာ ဖြစ်ပါတယ်။