ထမ်းစင်နဲ့တောင် ထုတ်ရတဲ့ မန်စီးတီး နောက်ခံလူ အကီ ရဲ့ ဒဏ်ရာ အခြေအနေ

မန်စီးတီးအသင်းရဲ့ နယ်သာလန် လက်ရွေးစင် နောက်ခံလူ နာသန်အကီဟာ ဂျာမနီနဲ့ ရင်ဆိုင်ခဲ့တဲ့ နေးရှင်းလိဂ် ပွဲမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ထမ်းစင်နဲ့ သယ်ထုတ်ရတဲ့အထိဖြစ်ခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ အကီဟာ ပြိုင်ဘက်ကစားသမား ကင်မစ်ချ်နဲ့ ထိခိုက်မိတာကနေ တံကောက်ကြောဒဏ်ရာရရှိသွားပုံရပြီး ပွဲ ဆက်လက်မကစားနိုင်တော့လို့ နည်းပြရော်နယ်လ်ကိုးမန်းက သူ့ကို တင်ဘာနဲ့ လူစားလဲခဲ့ရသလို အကီဟာ နာကျင်မှုဝေဒနာကြောင့် ကွင်းထဲကနေ ထမ်းစင်နဲ့သယ်ထုတ်ခဲ့ရပါတယ်။

အကီရဲ့ဒဏ်ရာအနေအထားက ဆိုးရွားပုံရပြီး အခုသတင်းဟာ မန်စီးတီးနည်းပြဂွါဒီယိုလာအတွက် ထိုးနှက်ချက်တစ်ခုဖြစ်စေပါတယ်။

အကီဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပုံမှန်ကစားခွင့် မရဘဲ ဝက်စ်ဟမ်းနဲ့ပွဲမှာသာ လူစားဝင်အဖြစ် ပါဝင်ကစားခဲ့ပြီး ဂွါဒီယိုလာက ခံစစ်မှာ ရီကိုလူးဝစ်၊ အကန်ဂျီ၊ ဂွါဒီယော၊ ရူဘင်ဒီယက်စ်တို့ကို ဦးစားပေးအသုံးပြုနေပါတယ်။

ဒါပေမဲ့ ဂွါဒီယိုလာဟာ အသင်းအတွက် အရေးပါတဲ့ အတွေ့အကြံရင့်နောက်ခံလူဖြစ်သူ အကီကို ဆုံးရှုံးခံချင်မှာ မဟုတ်ဘဲ အခုအချိန်မှာတော့ အကီဟာ ဒဏ်ရာကြောင့် ကာလရှည် အနားယူရဖို့ရှိနေပါပြီ။

မန်စီးတီးအသင်းဟာ အခုတစ်ပတ်စနေနေ့ကျရင် ဘရန့်ဖို့ဒ်ကို ပရီးမီးယားလိဂ်အိမ်ကွင်းပွဲ လက်ခံကစားရမှာဖြစ်ပြီး နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် ၂၀၂၂-၂၃ ရာသီ ဗိုလ်လုပွဲတုန်းက ဆုံတွေ့ခဲ့တဲ့ အင်တာမီလန်နဲ့ စတင်ကစာရမှာဖြစ်ပါတယ်။

အဲဒါပြီးရင်တော့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် စက်တင်ဘာ ၂၂ ရက်မှာ အာဆင်နယ်ကို အီတီဟတ်မှာ လက်ခံကစားရမှာပါ။

ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ်အသင်းကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းခေါင်းဆောင် အော်ဒီဂါ၊ နောက်ခံလူ ကာလာဖီအိုရီတို့ဟာ နိုင်ငံအသင်းပွဲတွေမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြသလို ကစားသမားသစ် မီခေးလ်မာရီနိုကလည်း ၂ လလောက်အထိ အနားယူရမှာဖြစ်ပါတယ်။