ကိုးလ် ပါမာ ချယ်ဆီးနဲ့ ထရိန်နင် ပြန်ဆင်းတာ မြင်ပြီး ကြိတ်မနိုင် ခဲမရ ဒေါပွနေကြတဲ့ အာဆင်နယ် ပရိသတ်များ

ချယ်ဆီးကြယ်ပွင့် ကိုးလ် ပါမာရဲ့ ထရိန်နင်က ပုံရိပ်တွေ ထွက်ပေါ်လာပြီးနောက် အာဆင်နယ် အသင်း ပရိသတ်တွေကတော့ သူတို့ အသင်း အပေါ် အတော် ဒေါကန်နေကြပါတယ်။

ဒီစက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာ မာတင်အိုဒီဂတ် ကို နော်ဝေအသင်းအတွက် ကစားဖို့ ခွင့်ပြုခဲ့တဲ့ ကလပ် အသင်းရဲ့ ဆုံးဖြတ်ချက် အပေါ် အာဆင်နယ် အသင်း ပရိသတ်တွေက မကျေမနပ် ဖြစ်နေကြတာပါ။

အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ သြစတြီးယားနဲ့ ပွဲမှာ ပြင်းထန်တဲ့ ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့ပြီး အနည်းဆုံး သီတင်းပတ် ၃ ပတ် ကြာ နားရမယ် လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် နော်ဝေသားဟာ အင်္ဂါနေ့ကပဲ လန်ဒန်သို့ ပြန်လာခဲ့ရပါတယ်။

အိုဒီဂတ် ဒဏ်ရာကြောင့် အာဆင်နယ် ထိခိုက်မှု ကြုံနေချိန် တဖက်မှာတော့ ချယ်ဆီးအသင်းဟာ အားထားရတဲ့ ကြယ်ပွင့် ကိုးလ် ပါမာကို ဒဏ်ရာ ပြသနာ ရှိနေတယ် ဆိုကာ ဒီလထဲ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းဖို့ ရှောင်လွှဲထားရာမှ ချယ်ဆီးနဲ့ ထရိန်နင် ဆင်းနေတဲ့ ပုံရိပ်တွေ ထွက်လာပါတယ်။

ချယ်ဆီးဟာ ပါလ်မာကို သတိကြီးကြီးထားကာ ကစားခွင့် ပေးနေပြီး ယူရိုပါ ကွန်းဖရင့်လိဂ် ပြိုင်ပွဲ လူစာရင်းကနေလည်း ဖယ်ထုတ်ထားပါတယ်။

ပါလ်မာ နည်းတူ မန်စီးတီးကြယ်ပွင့် ဖီးလ် ဖိုဒန်လည်း ဒီ စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ်ကို ရှောင်လွှဲထားခဲ့တာပါ။

အိုဒီဂတ် ဒဏ်ရာသတင်းကြောင့် စိတ်ပျက်နေတဲ့ အာဆင်နယ် ပရိသတ်တွေကတော့ ကိုးလ် ပါမာ ချယ်ဆီးနဲ့ ထရိန်နင် ဆင်းနေတဲ့ ပုံရိပ်တွေ မြင်ပြီးနောက် အရေးမကြီးလှသေးတဲ့ နေးရှင်းလိဂ်ပွဲတွေကို မရှောင်လွှဲဘဲ အဓိက အသင်းသား အိုဒီဂတ်ကို စေလွှတ်ခဲ့တဲ့ အာဆင်နယ် အသင်း ဆုံးဖြတ်ချက် အပေါ် အမျက်ထွက်နေကြပြီ ဖြစ်ပါတယ်။