ဘိုလေနဲ့ Clearlake အဖွဲ့ ဘာတွေ အမြင်မတူကြသလဲ၊ အသင်းအတွက် ဘယ်သူက ပိုကောင်းမလဲ သုံးသပ်ကြဖို့

လက်ရှိမှာ ချဲလ်ဆီး အသင်း ပိုင်ရှင်တွေကြား အာဏာလွန်ဆွဲပွဲဖြစ်ပေါ်နေမှုဟာ အမြင်မတူခြင်းတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။

လက်ရှိအချိန်မှာ တော့ဒ်ဘိုလေတစ်ယောက်တည်းနဲ့ ဘီဒတ် အက္ကဘာလီ ခေါင်းဆောင်တဲ့ Clearlake အုပ်စု အသင်းရဲ့ အဓိက ရှယ်ယာရှင်နေရာကို အပြိုင်အဆိုင် လုယက်နေကြရာ တစ်ဖက်ချင်းစီရဲ့ သဘောထားကို ရှင်းပြလိုပါတယ်။

ဘိုလေက CEO တစ်ယောက်နဲ့ အားကစားဒါရိုက်တာတစ်ယောက်ခန့်ထားပြီး အသင်းကို လည်ပတ်စေချင်တယ်။ အဆိုပါပုဂ္ဂိုလ်(၂)ယောက်ဟာ ဘောလုံးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးရမယ်။ တဖန် နည်းပြတွေနဲ့ပတ်သက် လာရင်လည်း အချိန်ပေးလိုတယ်။

ရလဒ်မကောင်းတိုင်း နည်းပြပြောင်းလဲတဲ့ပေါ်လစီဟာ အသင်းရဲ့တည်ငြိမ်မှုကို ပိုမိုပျက်ပြားစေကြောင်း ယုံကြည်ထားတယ်။ ပရိသတ်တွေမျှော်လင့်ထားတဲ့ စတမ်းဖို့ဒ်ဘရစ်ချ် ပြန်လည် တည်ဆောက်ခြင်း ဒါမှမဟုတ် ကွင်းသစ်စီမံကိန်း အလျင်အမြန် ပေါ်ပေါက်ဖို့ လိုလားနေတယ်။

အသင်းပိုင်ရှင်ဟာ ချဲလ်ဆီးနဲ့ပတ်သက်သမျှ ကိစ္စအဝဝမှာ နေ့စဉ်ဝင်ရောက်စွက်ဖက်စရာမလိုကြောင်း ယူဆထားတယ်။

အချက်အလက်တွေကို အသုံးပြုခြင်း၊ multi-club model ဖော်ဆောင်ခြင်း၊ လူငယ်အခြေပြု ကစားသမားသစ်ရှာဖွေပျိုးထောင်ရေးတွေကို သဘောတူလက်ခံသလို သက်သေပြပြီးသား သက်ကြီးကစားသမားတွေကိုလည်း ခေါ်ယူလိုတယ်။

တစ်ဘက်မှာ အက္ကဘာလီတို့ရဲ့ Clearlake အုပ်စုကျတော့ အားကစားဒါရိုက်တာ(၂)ယောက် ခန့်ထားလိုပြီး သူတို့က ပိုင်ရှင်တွေအတွက် ဆောင်ရွက်ပေးရမယ်။ ပိုင်ရှင်တွေဟာ ဘောလုံးဆိုင်ရာ ဆုံးဖြတ်ချက်မှန်သမျှမှာ ပါဝင်ဆောင်ရွက်ချင် တယ်။

နည်းပြတွေအပေါ် ညှာတာစိတ် ကင်းမဲ့လိုတယ်။ အချက်အလက်တွေနဲ့ လူငယ်ဦးစားပေးစီမံကိန်းအပေါ် ကြီးမားစွာ ယုံကြည်ထားတယ်။

အခုလိုမျိုး သဘောထား နှစ်မျိုး ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လို့ ရှယ်ယာတွေ အပြိုင် လုဝယ်နေကြတဲ့ အနေအထားက ဘယ်လို အဆုံးသတ်မလဲ ဆိုတာကတော့ မသိသေးပါဘူး။