
ပြင်သစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အလွန် စိတ်ပျက် ဒေါသထွက်နေတဲ့ ကွင်းလယ် ကစားသမား ကီဗင် ဒီဘရိုင်းနားဟာ ဘယ်လ်ဂျီယမ် လက်ရွေးစင်အသင်းကနေ နုတ်ထွက်တော့မယ်လို့ ပြောဆိုခဲ့တာကို ကြားခဲ့ရပြီး အသင်းဖော်တွေက ကွင်းထဲမှာ အသင်းအတွက် အရာအားလုံး ပေးဆပ်ကစားခဲ့ခြင်းမရှိဘူးလို့ စွပ်စွဲခဲ့ပါတယ်။
ရန်ဒဲလ် ကိုလို မူအာနီနဲ့ အူ့စ်မန် ဒမ်ဘီလီရဲ့ သွင်းဂိုးတွေကြောင့် ပြင်သစ်အသင်းဟာ သက်တောင့်သက်သာ နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အီတလီကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့မှုကနေ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။
ဘယ်လ်ဂျီယမ်က လိုင်ယွန်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ပိုမို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အချိတ်အဆက် မမိဖြစ်နေခဲ့ပြီး ရှင်းလင်းပြတ်သားတဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် မိနစ် ၉၀ အတွင်းမှာ ဂိုးပေါက်ကန်သွင်းမှုက ၄ ကြိမ်သာ ရှိခဲ့တာဖြစ်ပါတယ်။
ဒီဘရိုင်းနားက ပွဲကစားချိန်ပြည့်ဖို့ နီးလာလေ စိတ်ပျက်ဒေါသထွက်နေတဲ့ အမူအရာက ပိုမို သိသာလေ ဖြစ်ခဲ့ပြီး ပွဲပြီး ဝီစီမှုတ်ပြီးနောက် သူ့ရဲ့ စိတ်ခံစားချက်ကို မထိန်းသိမ်းနိုင်ဘဲ ဒေါသတကြီး အော်ဟစ်ပြောဆိုနေခဲ့တာဖြစ်ပါတယ်။
မန်စီးတီးကွင်းလယ်ကြယ်ပွင့်ဟာ ဘယ်လ်ဂျီယမ် အားကစားဒါရိုက်တာ ဖရန်ကီ ဗာကူတီရန်ကို ကျွန်တော် ထွက်ပြီ၊ အသင်းကနေ ထွက်ပြီလို့ ပြောဆိုခဲ့ပြီး အားကစားဒါရိုက်တာက ဖျောင်းဖျဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဒီဘရိုင်းနားက ခေါင်းတခါခါနဲ့ ဖြစ်နေခဲ့ပြီးနောက် အမ်ဘာပေနဲ့ စကားအနည်းငယ်ပြောဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ပွဲအပြီး မီဒီယာတာဝန်အရ ဘယ်လ်ဂျီယမ်သတင်းဌာန VTM နဲ့ အင်တာဗျူး ပြုလုပ်ချိန်မှာလည်း ဒီဘရိုင်းနားက စိတ်ပျက် ဒေါသထွက်နေတဲ့ပုံစံကို မထိန်းချုပ်နိုင်ခဲ့ဘဲ အသင်းရဲ့ စိတ်ပျက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
“ပြင်သစ်အသင်းက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့လားဆိုရင် ဟုတ်ပါတယ်။ မှန်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာမှ အများကြီး ပြောစရာမရှိပါဘူး။ ကျွန်တော်တို့က ခံစစ်မှာ ၆ ယောက်နဲ့ ကစားခဲ့တယ်။ ဘာမှ အချိတ်အဆက်မမိဘူး။ ဒုတိယပိုင်းမှာတောင်မှ အချိတ်အဆက်မမိလာခဲ့ဘူး။
ဘယ်လို နည်းနဲ့မဆို ပိုကောင်းမွန်တဲ့ပုံစံနဲ့ ကစားခဲ့ရမှာပါ။ စံနှုန်းက ထိပ်တန်းအဆင့် သတ်မှတ်ထားပါတယ်။ ခင်ဗျားအနေနဲ့ ထိပ်တန်းအဆင့်မှာ မကစားနိုင်ရင် ခင်ဗျားက ကောင်းသင့်သလောက် မကောင်းလို့ပဲ။ ပြီးတော့ ခင်ဗျား ကွင်းထဲမှာ အရာအားလုံးပေးကို ပေးရမယ်။ အဲဒီလိုတောင် အချို့က မလုပ်ခဲ့ကြပါဘူး။
ကျွန်တော်တို့ မကောင်းခဲ့ဘူးဆိုတာ လက်ခံပေးနိုင်တယ်။ ဒါပေမယ့် တခြားအရာတွေကတော့ လက်မခံနိုင်စရာပါ။ ကျွန်တော် အဲဒီအပေါ်မှာ စိတ်မကျေမနပ်ဖြစ်နေမှာမဟုတ်ပါဘူး။
ကျွန်တော် အသက် ၁၈ နှစ်သားကတည်းက ရေးဆင်း ဂျန့်ခ်မှာ ကစားခဲ့တဲ့အချိန်ကတည်းက အရာအားလုံး ပေးဆပ်ခဲ့ပါတယ်။ အခု ၃၃ နှစ်ရှိပြီ။ ကျွန်တော် အဲဒီထက် ပိုပြီး ထပ်ပြီး မလုပ်နိုင်တော့ဘူး။”လို့ ပြောဆိုခဲ့ပါတယ်။