ချဲလ်ဆီးနဲ့ အိုဆီမန်နဲ့ သဘောတူညီမှုရပြီးကာမှ လွဲခဲ့ရတဲ့ အကြောင်းနဲ့ ဆောင်းဈေးကွက်မှာ ပြန်နီးစပ်နိုင်ကြောင်း သတင်းပေးလာသူ

ချဲလ်ဆီးအသင်း ဟာ နွေတုန်းက ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း သေးငယ်တဲ့ အချက်အချို့ကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာဖြစ်တယ်လို့ နိုင်ဂျီးရီးယား တိုက်စစ်မှုးဟောင်း ဂျွန် အိုဘီ မီခေးလ်က ဖော်ထုတ် ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးဟာ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆီမန် ကို နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်ခါနီးမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်ကလပ်အသင်းက အမှန်တကယ် မခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် အလီအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သူဖြစ်ပြီး နာပိုလီကတော့ ယူရိုသန်း ၈၀ တန်ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။

အိုဘီ မီခေးလ်က ချဲလ်ဆီးနဲ့ အိုဆီမန်တို့ကြား ဆွေးနွေးညှိနှိုင်းမှုတွေမှာ အဓိက ကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး သဘောတူညီမှုက အပြီးသတ်ဖို့ နာရီပိုင်းလောက်ပဲလိုတော့ပေမယ့်လည်း အမှန်တကယ် မဖြစ်လာလို့ နာပိုလီကြယ်ပွင့်က စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။

အိုဆီမန်က အဲဒါကြောင့် ဂလာတာဆာရေးအသင်းကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပေမယ့်လည်း အိုဘီ မီခေးလ်က ချဲလ်ဆီးအနေနဲ့ ဇန်နဝါရီလမှာ နိုင်ဂျီးရီးယားတိုက်စစ်မှူးကို ခေါ်ယူဖို့ အလွယ်တကူ လုပ်ဆောင်နိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

” ဗစ်တာ ဘာလိုချင်လဲဆိုတာ ကျွန်တော် သိတယ်။ အသင်းက သူ့ကို ဘာကမ်းလှမ်းခဲ့လဲဆိုတာလည်း သိတယ်။ ကျွန်တော်တို့ သဘောတူညီမှုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။ ကျွန်တော်တို့ နောက်ဆုံးမှာတော့ အပြန်အလှန်ညှိနှိုင်းနိုင်ခဲ့ပါတယ်။ နှစ်ဖက်စလုံးက ညှိနှိုင်းဆွေးနွေးခဲ့ပြီး စာရွက်စာတမ်းကိစ္စတွေ၊ ဆေးစစ်ဖို့ ကိစ္စတွေတောင် ကျွန်တော် လုပ်နေခဲ့တာ။

ပြဿနာအနည်းငယ်ကြောင့် ကျွန်တော်တို့ အပြီးမသတ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့မှာလည်း အချိန်က များများစားစား မရခဲ့ဘူးလေ။ နှစ်ဖက်စလုံးကတော့ အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့အတွက် ကျရာနေရာကနေ လုပ်ဆောင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကို အဲဒီအတွက် ကျွန်တော် ချီးကျူးပါတယ်။

ဘာလို့လဲဆိုတော့ အခု ဒီအသင်းကို သူတို့ ဘယ်နေရာကို ပို့ဆောင်ပေးချင်လဲဆိုတဲ့ ရည်မှန်းချက်ကို မြင်နိုင်လို့ပါ။ ဗစ်တာ ဘက်ကလည်း ချဲလ်ဆီးအသင်းကို ဘယ်လောက်အထိ ပြောင်းလာချင်လည်းဆိုတာကို မြင်တွေ့ခဲ့ရလို့ပါ။
ဒီအပြောင်းအရွှေ့မဖြစ်လာလို့ သူ စိတ်ပျက်ခဲ့တယ်။

ဈေးကွက်ပိတ်သွားတဲ့အချိန်မှာ ကျွန်တော် သူ့ကို စကားပြောခဲ့တယ်။ သူ့ကို ဖုန်းဆက်ခဲ့တယ်။ မိနစ် ၂၀ လောက် ပြောဖြစ်ခဲ့တယ်။ ကျွန်တော်က နားထောင်၊ မင်းအတွက် ငါ အမြဲတမ်းရှိနေမယ်။ မင်း လုပ်စရာရှိတာကိုပဲ အာရုံစိုက်ထား။ ဆက်ပြီး အလုပ်ကို ကြိုးစားနေ၊ လေ့ကျင့်နေဖို့ပဲ လိုတယ်။ အခုက အကောင်းဆုံးအခြေအနေမဟုတ်တာ ငါ သိတယ်။ ဒါပေမယ့် မင်းက သန်မာတယ်ဆိုတာ ငါသိတယ်လို့ ပြောခဲ့တယ်။

အပြောင်းအရွှေ့မဖြစ်ခဲ့တာက သူနဲ့ အသင်းကြားမှာ ပြဿနာရှိလို့မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီကိစ္စကို ဇန်နဝါရီ ဒါမှ မဟုတ် လာမယ့်နွေရာသီမှာဖြစ်ဖြစ် ပြန်လုပ်နိုင်တယ်။

ကျွန်တော်တို့ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲဆိုတာ သိတယ်။ ဘယ်နေရာမှာ ရပ်ရမလဲဆိုတာ သိတယ်။ ကျွန်တော်တို့ အပြီးသတ်ဖို့ အသေးစိတ်အချက်အလက်နည်းနည်းပဲ လိုတော့တာပါ။ အဲဒါပြီးရင် သဘောတူညီမှုက အပြီးသတ်နိုင်ပြီ ” လို့ ပြောဆိုခဲ့ပါတယ်။