ကစားသမားတွေကို ရူးချင်အောင် လုပ်နေတဲ့ ကိစ္စ တစ်ခု အကြောင်း ဘာနာဒို ဆေးလ်ဗား ဖော်ထုတ်

မန်စီးတီး အသင်းနဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား ဘာနာဒို ဆေးလ်ဗား ကတော့ နိုင်ငံတကာ သီတင်းပတ် အပြီးကနေ ရာသီကုန်ထိ ကစားသမားတွေကို မနားတမ်း ပွဲကစားခိုင်းထားတဲ့ ပွဲစဉ်ဇယားကို အတော် စိတ်ပျက်နေပါတယ်။

နည်းပြ ပက် ကိုယ်တိုင်လည်း ဒီရာသီ သူ့ အသင်း ကစားမယ့် ပွဲအရေအတွက်က များလွန်းကြောင့် စောဒကတက်မှုတွေ အရင်တည်းက ပြုလုပ်ထားတာပါ။

ဘာနာဒို ဆေးလ်ဗား “အချိန်ဇယားက လုံးဝကို ရူးသွပ်ချင်စရာပါပဲ။ ကျွန်တော်တို့ အင်္ဂလိပ် လိဂ်ဖလားပွဲ အတွက် တစ်ရက်ပဲ နားရက်ရမယ်ဆိုတဲ့ သတင်းရခဲ့ပါတယ်။

ကျွန်တော်တို့ လပေါင်းများစွာ ၃ ရက် ၁ ပွဲကန်ရတော့မှာပေါ့။ အဲဒါက လုံးဝကို အဓိပ္ပါယ်မရှိပါဘူး။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းရှုံးထွက်အဆင့် မတက်နိုင်ဘူး ဆိုရင်တောင် ၂ ပွဲလောက် ပိုကစားရဦးမယ်။

လူစာရင်းက ပိုပြီး ကြီးမားလာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါက လွယ်ကူလိမ့်မယ်လို့ ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ မလွယ်ကူခဲ့ပါဘူး။

ကျွန်တော့်မိသားစု၊ မိတ်ဆွေတွေနဲ့ ခဏပဲ တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ ကစားဖို့ စီစဉ်ထားတဲ့ ပွဲအရေအတွက်က လုံးဝကို အဓိပ္ပါယ်မရှိပါဘူး” လို့ ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။