
မန်စီးတီးအသင်းဟာ လာမယ့် နွေရာသီ စာချုပ်သက်တမ်းကုန်ဆုံးလို့ နည်းပြ ပက် ဂွါဒီယိုလာ ထွက်ခွာလာပါက နည်းပြသစ် လက်ထက်တွင် အသင်းကို ပေါင်သန်း ၃၀၀ အသုံးပြုပြီး ပြန်လည်တည်ဆောက်မှု ပြုလုပ်သွားရန် စီစဉ် ထားပါတယ်။
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာရဲ့ လက်ရှိ စာချုပ်မှာ ယခုရာသီအကုန်တွင် ကုန်ဆုံးပါမယ်။ မန်စီးတီးဟာ ဂွါဒီယိုလာအား စာချုပ်သစ် ချုပ်၊ မချုပ်ကို ခရစ္စမတ်ကာလအား နောက်ဆုံးထားပြီး ဆုံးဖြတ်ရန် အသိပေးထားပါတယ်။
တကယ်လို့များ ဂွါဒီယိုလာသာ ထွက်ခွာမယ်ဆိုပါက မန်စီးတီးဟာ နည်းပြသစ်အား လာမယ့် အပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း ၃ဝဝ အထိ အသုံးပြုကာ အသင်းကို တည်ဆောက်ခွင့် ပြုလာပါမယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်များတွင် ကစားသမားရောင်းချမှုမှ အမြတ်ငွေ ပေါင်သန်း ၁၄ဝ အထိ ရရှိခဲ့ရာ ယူအီးအက်ဖ်အေရဲ့ အမြတ်နှင့် ဝင်ငွေစည်းမျဉ်း အရ အပြောင်းအရွှေ့စရိတ်များစွာ အသုံးပြုနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
တဖက်တွင် မန်စီးတီးဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် စွဲချက် ၁၁၅ ခုဖြင့် ရင်ဆိုင်နေရပြီး အမှုကို မကြာမီ စတင်ကြားနာလာတော့မှာလည်း ဖြစ်ပါတယ်။ မန်စီးတီးဟာ ယင်းစွဲချက်များကြောင့် အမှတ်လျှော့ချခြင်း (သို့မဟုတ်) တန်းချခြင်းတို့ ခံလာရနိုင်ပါတယ်။
ဂွါဒီယိုလာဟာ ယင်းဘဏ္ဍာရေးစွဲချက်များနှင့် ရင်ဆိုင်နေရမှုနှင့်အတူ ရာသီအကုန်တွင် မန်စီးတီးမှ ထွက်ခွာမယ်လို့ ယူဆရပါတယ်။
တဖက်တွင် အက်ဖ်အေကလည်း လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ဂွါဒီယိုလာရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါတယ်။
အက်ဖ်အေဟာ ယူရို ၂၀၂၄ ဗိုလ်လုပွဲအပြီး ၂ ရက်အကြာတွင် ရာထူးမှ နုတ်ထွက်သွားတဲ့ ဂါရတ်ဆောက်ဂိတ် နေရာမှာ အမြဲတမ်းနည်းပြခန့်အပ်ခြင်းမရှိသေးဘဲ လာမယ့် နွေရာသီအထိ ဂွါဒီယိုလာ အသင်းလက်မဲ့ ဖြစ်လာတဲ့အထိ စောင့်ဆိုင်း နေပါတယ်။
အက်ဖ်အေဟာ ယာယီနည်းပြအဖြစ် လီကာစလေကို ခန့်အပ်ထားပါတယ်။ ကာစလေဟာ ပထမဆုံးအင်္ဂလန်ပွဲအဖြစ် အိုင်ယာလန်နှင့် နေးရှင်းလိဂ်တွင် ရင်ဆိုင်ခဲ့ရာ ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။