ဘောလုံးပွဲနားချိန်၊ အပြောင်းအရွှေ့ ပိတ်ချိန်မှာတောင် လှုပ်ခတ်နေတဲ့ ချဲလ်ဆီးအသင်း အတွင်းပိုင်း အခြေအနေများ

ဒီတလောမှာ ကလပ်ပွဲတွေနားချိန်နဲ့ အပြောင်းအရွှေ့ ပိတ်ချိန် ဖြစ်နေသည့်တိုင် ချဲလ်ဆီး အသင်း ခေါင်းကြီးပိုင်းမှာ လှုပ်ခတ်မှုတွေ ရှိနေပါတယ်။

လက်ရှိ ချဲလ်ဆီး အသင်းရဲ့ အဓိက ရှယ်ယာရှင်တွေ ဖြစ်ကြတဲ့ ဘာဒက် အက်ဘာလီနဲ့ ဟိုဆေး ဖယ်လစ်ဆီယာနိုတို့ ပိုင်ဆိုင်ထားတဲ့ Clearlake အဖွဲ့နဲ့ အမေရိကန် ဘီလျံနာ တော့ဒ်ဘိုလီတို့ဟာ တဦးထံမှ တဦး ရှယ်ယာတွေ ဝယ်ယူဖို့ အပြိုင် ကြိုးစားနေကြကြောင်း The Telegraph သတင်းဌာနက အတည်ပြုလာပါတယ်။

Clearlake အဖွဲ့ဟာ ချဲလ်ဆီးရဲ့ ၆၁.၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး၊ ၎င်းတို့ရဲ့ ရှယ်ယာစုကို ထုတ်ရောင်းသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

တဖက်မှာ တော့ဒ်ဘိုလီဟာ Clearlake ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတချို့ကို ဝယ်ယူဖို့ ပေါင် ၂.၅ ဘီလီယံ ထုတ်သုံးရန် အသင့်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ထားပါတယ်။

တော့ဒ်ဘိုလီထံမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ စီးပွါးရှင်တွေကလည်း ၎င်းမှာ ချဲလ်ဆီး အတွက် နောက်ထပ် အနှစ် ၂၀၊ ၃၀ အထိ ရည်မှန်းချက် မြင့်မားတဲ့ စီမံကိန်း အမြင်တွေ ရှိနေတယ်လို့ ယုံကြည်နေကြပါတယ်။

Clearlake ဖက်က ရှယ်ယာ မရောင်းချင်သည့်တိုင်၊ ဘိုလီထံမှ ရှယ်ယာတွေ ဝယ်ယူလိုနေပါတယ်။

ဒါပေမယ့် ၂ဦး၂ဖက် တင်းမာမှု မမြင့်တက်စေလိုတာကြောင့် လောလောဆယ် ဆက်ဆံရေးက တဦးအပေါ် တဦး ပရော်ဖက်ရှင်နယ် ဆန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အခြားသတင်းတွေမှာလည်း တော့ဒ်ဘိုလီက ချဲလ်ဆီး အသင်းရဲ့ စီမံသူ အနေအထားကနေ နောက်ဆုတ် ထွက်ခွာလိုတယ် လို့ ဖော်ပြနေကြပါတယ်။