ကိုးလ်ပါလ်မာ တို့ကို ယူရိုပါ ကွန်းဖရန့်လိဂ် လူစာရင်းကနေ ချဲလ်ဆီး ဖယ်ထုတ်ထားတဲ့ အကြောင်းအရင်း

ချဲလ်ဆီး အသင်းဟာ ယူရိုပါ ကွန်းဖရန့်လိဂ် အုပ်စု အဆင့် အတွက် ၎င်းတို့ရဲ့ အပြီးသတ် ကစားသမားစာရင်းကို အရင်ရက်က တရားဝင် ထုတ်ပြန်သွားခဲ့ပြီး အားအထားရဆုံး ကစားသမား ဖြစ်တဲ့ ကိုးလ် ပါလ်မာကတော့ ထိုစာရင်းထဲ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

ချဲလ်ဆီးဟာ ဒီမတိုင်ခင်ကမှ ကွန်းဖရန့်လိဂ် အတွက် Play-off ခြေစစ်ပွဲ ၂ကျော့ ကစားခဲ့ရာမှာ ဆွစ်ဇာလန် ကလပ် ဆာဗက် အသင်းကို ၂ကျော့ပေါင်း ရလဒ် ၃ – ၂ နဲ့ နိုင်ခဲ့ပေမယ့် ဒုတိယအကျော့မှာ အတော်လေး ခက်ခက်ခဲခဲ ကစားရခဲ့ရပြီး ၂ – ၁ နဲ့ ရှုံးခဲ့သည့်တိုင် ပထမအကျော့မှ ၂ – ၀ အနိုင်ရလဒ်ကြောင့် ကွန်းဖရန့်လိဂ် ယှဉ်ပြိုင်ခွင့် ရသွားတာ ဖြစ်ပါတယ်။

ထိုပွဲမှာ ကိုးလ်ပါလ်မာ တယောက် လူစားဝင် ကစားခဲ့ရပေမယ့် အခုအခါ ချဲလ်ဆီးရဲ့ ကွန်းဖရန့်လိဂ် အုပ်စုပွဲတွေကို ပါလ်မာ ကစားခွင့် ရှိတော့မှာ မဟုတ်ပါဘူး။

၎င်းအပြင် ချဲလ်ဆီးဟာ ကွန်းဖရန့်လိဂ် ကစားသမားစာရင်းမှာ ပြီးခဲ့တဲ့ ရာသီ တလျှောက် ကာလရှည် ဒဏ်ရာ ရခဲ့ကြတဲ့ ကွင်းလယ်လူ ရိုမီယို လာဗီယာနဲ့ ခံစစ်မှူး ဝက်စ်လေ ဖိုဖာနာတို့ကိုလည်း ထည့်သွင်းခဲ့ခြင်း မရှိပါဘူး။

အကြောင်းအရင်း ကတော့ ချဲလ်ဆီးဟာ ယခုနှစ် ရာသီမှာ ပွဲအရေအတွက် ပိုများနေတာကြောင့် ပြီးခဲ့တဲ့ ရာသီ တလျှောက် ပွဲတွေ ဆက်တိုက် ကစားထားရတဲ့ ပါလ်မာကို နားချိန် ပိုပေးလိုတဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ ၎င်းရဲ့ ကြံ့ခိုင်မှု အနေအထားကို ပိုပြီး တည်တံ့စေမှာ ဖြစ်သလို ၊ ၎င်းကို ဒဏ်ရာ ရနိုင်ခြေ ပိုပြီး နည်းပါးစေမှာ ဖြစ်ပါတယ်။

တဖက်မှာ လာဗီယာနဲ့ ဖိုဖာနာကလည်း နည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ အဓိက ပွဲထွက် ကစားသမားတွေ ဖြစ်တဲ့အပြင် မနှစ်က ကာလရှည် ဒဏ်ရာ ပြဿနာတွေကြောင့် ဒီရာသီမှာ မလိုအပ်ပဲ ၎င်းတို့ကို ပွဲအရေအတွက် အများအပြား မကစားစေချင်တဲ့ ရည်ရွယ်ချက်မျိုး မြင်တွေ့ရပါတယ်။

ပါလ်မာ၊ လာဗီယာနဲ့ ဖိုဖာနာတို့ဟာ ကွန်းဖရန့်လိဂ်ရဲ့ အုပ်စုအဆင့်ပွဲတွေကိုသာ ကစားခွင့် မရှိကြတာ ဖြစ်ပြီး ၊ ရှုံးထွက်အဆင့် ရောက်တဲ့အခါ နောက်ထပ် ၃နေရာ အပြောင်းအလဲ လုပ်ခွင့် ရှိလို့ အရေးကြီးတဲ့ အဆင့်မှာမှ ၎င်းတို့ကို စတင် အသုံးပြုဖို့ ချဲလ်ဆီးဖက်က ပစ်မှတ်ထားဟန် ရှိပါတယ်။

ချဲလ်ဆီးဟာ ကွန်းဖရန့်လိဂ် အဖွင့်ပွဲ အဖြစ် ဘယ်လ်ဂျီယမ် ကလပ် ဂန့်အသင်းနဲ့ စတင် ကစားရမှာ ဖြစ်ပြီး ၊ ဘွန်ဒက်စ်လီဂါ ကလပ် ဟိုင်ဒင်ဟိမ်း၊ ကာဇတ်စတန် ကလပ် အက်စ်တာနာ၊ အိုင်ယာလန် ကလပ် ရှမ်းရော့ခ်ရိုးဗားစ်၊ ဂရိကလပ် ပန်နာသီနိုင်ကော့စ်၊ အာမေးနီးယား ကလပ် နိုအာ အသင်းတို့ဟာ ချဲလ်ဆီးရဲ့ အုပ်စုမှာ ပါဝင်နေကြပါတယ်။