ထရိန်နင်က ဆန်ချို ခြေစွမ်း အရ ရော်နယ်ဒင်ဟို လက်သစ် လို့ Hype နေကြတဲ့ ချယ်ဆီး ပရိသတ်များ

ချယ်ဆီး အသင်းရဲ့ ထရိန်နင်မှာ မြင်တွေ့ရတဲ့ ကစားသမားသစ် ဆန်ချိုရဲ့ခြေစွမ်းအပေါ် ချယ်ဆီး ပရိသတ်တွေက အားရကျေနပ်နေပြီး ‘ရော်နယ်လ်ဒင်ဟို လက်သစ်’ကို ပိုင်ဆိုင်ခဲ့ပြီလို့ ယုံကြည်နေကြပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်ကနေ ချယ်ဆီး ထံ တစ်ရာသီအငှားနဲ့ရောက်ရှိခဲ့ပြီး ချယ်ဆီး အသင်းဟာ ရာသီကုန်ကျရင် ဆန်ချိုကို ပေါင်သန်း ၂၀ တည်းနဲ့အပြီးသတ်ခေါ်ယူနိုင်ခွင့်ရှိပါတယ်။

ဆန်ချိုဟာ အသင်းသစ်အတွက် ပွဲထွက်ကစားခွင့်မရသေးပေမဲ့ ချယ်ဆီး ပရိသတ်တွေကတော့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဆန်ချိုရဲ့ ပုံစံ အပေါ် ကျေနပ်အားရမှုအပြည့် ရှိနေကြပါတယ်။

လေ့ကျင့်ခန်းအစီအစဉ်မှာ ဆန်ချိုက ထောင့်ကျဉ်းထဲကို အကြိမ်ပေါင်းများစွာ ဂိုးကန်သွင်းခဲ့ပြီး သူ့ရဲ့ one-touch passing ကစားပုံကြောင့် ချယ်ဆီး ပရိသတ်တချို့က ဆန်ချိုကို ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒင်ဟို နဲ့ နှိုင်းယှဉ်ချီးကျူးခဲ့ပါတယ်။

အွန်လိုင်းမှာ ချယ်ဆီး ပရိသတ်တွေက အခုလို ပြောဆိုနေတာပါ။

‘ငါတို့အသင်းဟာ ရော်နယ်လ်ဒင်ဟိုကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ. .’

‘ဆန်ချိုဟာ အသင်းအတွက် အများကြီးအကျိုးရှိအောင် စွမ်းဆောင်ပြနိုင်ပါလိမ့်မယ်’

‘ဆန်ချိုရဲ့စွမ်းဆောင်ရည်က စိတ်လှုပ်ရှားစရာပါပဲ။ ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းမှာ ဆန်ချို စွမ်းဆောင်ပြခဲ့တာက အခုမှ အစလေးပဲရှိပါသေးတယ်။ အသင်းအတွက် သူ ဘာတွေလုပ်ပြမလဲဆိုတာ စောင့်ကြည့်ခွင့်ရဖို့အတွက် မစောင့်နိုင်တော့ပါဘူး’၊ ‘ဆန်ချိုကတော့ ချယ်လ်ဆီးအသင်းမှာ ပွဲကြမ်းပြတော့မယ်’လို့ ရေးသားနေကြပါတယ်။

ချယ်ဆီး ပရိသတ်တွေက ကစားသမားသစ် ဆန်ချိုအပေါ် အများကြီးမျှော်လင့်ချက်ထားနေကြပေမဲ့ ဆန်ချိုဟာ ညာခြမ်းတိုက်စစ် မှာ ပွဲထွက်ခွင့်ရဖို့အတွက် အဓိက ကစားသမားဖြစ်သူ ပါလ်မာနဲ့အပြိုင် နေရာလုရဖို့ရှိနေပါတယ်။

ဒါ့အပြင် ဝုလ်ဗ်ကို အနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲမှာ မာဒူအီကီက ညာခြမ်းတိုက်စစ်မှာ ခြေစွမ်းပြပြီးတော့ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

ဘယ်ခြမ်းမှာလည်း ပေါင် ၅၄ သန်းတန် ကစားသမားသစ် ပတ်ဒရိုနက်တို၊ မူဒရစ်၊ အန်ကွန်ကူတို့ ရှိနေတာကြောင့် ဆန်ချိုဟာ ပွဲထွက်ခွင့် တစ်နေရာရဖို့ အတွက် ရုန်းကန်ရဖွယ် ရှိနေပါတယ်။