နွေတုန်းက သတင်းကြီးခဲ့တဲ့ ဆော်ဒီဘက် ကိစ္စတွေကို ကီဗင်ဒီဘရိုင်း ပြန် ဖြေရှင်းချက် ထုတ်

မန်ချက်စတာ စီးတီး အသင်းခေါင်းဆောင် ကီဗင်ဒီဘရိုင်းက ပြီးခဲ့တဲ့နွေမှာ အီတီဟတ်မှ ထွက်ခွာရေး အခြားကလပ်များနှင့် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

ကီဗင်ဒီဘရိုင်းဟာ နွေတုန်းက ဆော်ဒီသို့ ပြောင်းရေး တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ ဘယ်လ်ဂျီယံ ကြယ်ပွင့် ဟာ ၂၀၁၅ ခုနှစ်တွင် ဝုဖ်ဘတ်မှ ပြောင်းလာပြီးနောက် ဂွါဒီယိုလာ လက်ထက် တွင် အရေးအပါဆုံး ကွင်းလယ်ကစားသမားအဖြစ် ကစားလာခဲ့ရသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းတွင် ဂွါဒီယိုလာက ကီဗင်ဒီဘရိုင်းကို ရောင်းချရေးအတွက် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ပြောဆိုခဲ့သလို ယခုအခါ ကီဗင်ဒီဘရိုင်းကိုယ်တိုင်ကလည်း ကလပ်မှ ထွက်ခွာရေး ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ဆိုလာပါတယ်။

ကီဗင်ဒီဘရိုင်းက “အရိုးသားဆုံး ပြောတာပါ။ ဘယ်သူနဲ့မှ စကားမပြောခဲ့ပါဘူး။ ကောလာဟလတွေ၊ သတင်းတွေက အများကြီးပါ။ တိတ်ဆိတ် နွေရာသီဖြစ်လာဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။ ကျွန်တော် လေးပတ်နားခဲ့တယ်။ လေ့ကျင့်ခန်းပြန်ဆင်းတယ်။ ဘာမှ ပြောစရာ မရှိပါဘူး”လို့ ပြောကြားသွားပါတယ်။

ကီဗင်ဒီဘရိုင်းဟာ မန်စီးတီးနှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့သူလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး ကီဗင်ဒီဘရိုင်းက ယခုရာသီကာလအတွင်းတွင် ကလပ်နှင့် စာချုပ်သစ်ကိစ္စ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။