အင်္ဂလန် လူစာရင်းမှာ ဖီးလ် ဖိုဒန် ပါဝင်ပေမယ့် ဒီလထဲ မသွားနိုင်ဘူး လို့ ပက် ဂွါဒီယိုလာ ပြောဆို

ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ အပြီးမှာတော့ စက်တင်ဘာလ နိုင်ငံတာ သီတင်းပတ် စတင်ပြီး ဖြစ်ပြီး နိုင်ငံပွဲတွေ လာတော့မှာပါ။

မန်စီးတီး နည်းပြပက်ဂွါဒီယိုလာကတော့ သူ့အသင်းသား ဖီးလ်ဖိုဒန်မှာ နေမကောင်းဖြစ်နေမှုကြောင့် နေးရှင်းလိဂ်ပွဲစဉ်များအတွက် အင်္ဂလန်အသင်းနှင့် ပူးပေါင်းနိုင်ဖို့ မရှိကြောင်း ပြောကြားလာပါတယ်။

အသက် ၂၄ နှစ်ရှိ အင်္ဂလန်စတားဟာ ယခုရာသီတွင် မန်စီးတီးအတွက် ၄၅ မိနစ်တည်းသာ ကစားထားနိုင်သူလည်း ဖြစ်ပါတယ်။

အင်္ဂလန်ယာယီနည်းပြလီးကာစလေဟာ အိုင်ယာလန်၊ ဖင်လန်တို့နှင့် နေးရှင်းလိဂ်ပွဲစဉ်များအတွက် လူစာရင်းထုတ်ပြန်ရာတွင် ဖီးလ်ဖိုဒန်ကို ထည့်သွင်းထားပါတယ်။

အင်္ဂလန်အသင်းနှင့် ဖိုဒန် ပူးပေါင်းလာနိုင်သလားလို့ မေးမြန်းမှုကို ဂွါဒီယိုလာက “အခုအချိန်မှာတော့ ပူးပေါင်းနိုင်မယ် မထင်ပါဘူး။ သွားမယ်မထင်ပါဘူး။ အတိအကျတော့ မသိဘူး။ သူ သိပ်နေမကောင်းဘူး။ ဒါပေမဲ့ လက်ရွေးစင် အသင်းတွေကပဲ ဆုံးဖြတ်တာပါ”လို့ ပြောကြားသွားပါတယ်။

ဖိုဒန်ဟာ အင်္ဂလန်အသင်းအတွက် ၄၁ ပွဲကစားထားသူ ဖြစ်ပြီး ယူရို ၂၀၂၄ပြိုင်ပွဲတုန်းက ပွဲတိုင်း ပွဲထွက်ကစားခဲ့သူ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ စက်တင်ဘာလ ၇ ရက်နေ့တွင် ဒဗ္ဗလင်တွင် အိုင်ယာလန်နှင့်လည်းကောင်း၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဝင်ဘာလေကွင်းမှာ ဖင်လန်နှင့်လည်းကောင်း ရင်ဆိုင်ကစားရပါမယ်။