မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ်သမား ဂျေဒန်ဆန်ချို က မနေ့က ဈေးကွက် ပိတ်ရက်မှာ ချဲလ်ဆီး အသင်းထံ ရုတ်တရက် ပြောင်းရွှေ့သွားခဲ့ပါတယ်။
တောင်ပံတိုက်စစ် ကစားသမား အများအပြား ရှိနေတဲ့ ချဲလ်ဆီးထံသို့ ဆန်ချို ပြောင်းရွှေ့သွားတာက အဓိပ္ပာယ် မရှိဘူးလို့ တော့တင်ဟမ် စပါး နောက်ခံလူဟောင်း မိုက်ကယ် ဒေါ်ဆင်က ထောက်ပြလိုက်ပြီး ဆန်ချို ကို သတိပေးမှုတွေလည်း ပြုလုပ်လိုက်ပါတယ်။
ဒေါ်ဆင် က ” ချဲလ်ဆီးမှာ ရှိနေတဲ့ တောင်ပံ ကစားသမား စာရင်းကို ကြည့်လိုက်တဲ့အခါ ဒါက ကျွန်တော့ အတွက် အံ့အားသင့်စရာကောင်းတဲ့ အပြောင်းအရွှေ့ တခု ဖြစ်ခဲ့ပါတယ်။ ဂျေဒွန် ဆန်ချိုဟာ ကစားသမားကောင်း တယောက်ပါ။
သူဟာ ဒေါ့မွန်မှာတုန်းက စူပါစတား တဦး ဖြစ်ခဲ့ပါတယ်။ ဒါကို မမေ့ကြပါနဲ့။ ယူနိုက်တက်ဆီ ပြောင်းရွှေ့ပြီးတဲ့နောက် ဒါက သူ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ချဲလ်ဆီးကို ပြောင်းရွှေ့တာက ဘာထူးခြားမှုများ ရှိသွားမှာမို့လဲ ?
သူ ချဲလ်ဆီးမှာ ဘယ်နေရာမှာ ကစားမလဲ ? သူ့အနေနဲ့ ပုံမှန် ကစားခွင့် ရမယ့် အသင်း တသင်းသင်းဆီ ပြောင်းရွှေ့ဖို့ လိုအပ်တယ်လို့ ကျွန်တော် ရိုးရိုးသားသား တွေးထင်ခဲ့တာပါ။ သူဟာ တပတ်ပြီး တပတ် ကစားခွင့် ရချင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။
ချဲလ်ဆီးမှာဆို သူဟာ ခင်ဗျား ယုံနိုင်လောက်မှာ မဟုတ်တဲ့ တပွဲဝင် တပွဲနား ပုံစံနဲ့ပဲ ကစားခွင့် ရပါလိမ့်မယ်။ ချဲလ်ဆီးဟာ လက်ရှိမှာ လုံးဝ ရူးလောက်စရာကောင်းတဲ့ နေရာ တခု ဖြစ်နေပါတယ်။ ခင်ဗျားဟာ စတာလင် နေရာ အတွက် ဆန်ချိုနဲ့ ပြန်ဖြည့်တယ် ဆိုတာက ကျွန်တော့ကို အံ့သြသွားစေပါတယ်။
ယူနိုက်တက်မှာ ဒါက သူ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒေါ့မွန်မှာတော့ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒေါ့မွန်က သူ့အတွက် နေအိမ်လို ဖြစ်နေပြီး သူ အဲဒီမှာ အကောင်းဆုံး ခြေစွမ်း ပြနိုင်ခဲ့တာပါ။ သူ ကစားပေးခဲ့တဲ့ ကလပ်တွေက မယုံနိုင်ဖွယ်ကောင်းပေမယ့် သူ့အနေနဲ့ ပုံမှန် ကစားခွင့် ရဖို့ လိုပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။