အသင်းမှာ ဆက်နေလည်း လုံးဝ ပေးကစားမှာ မဟုတ်ဘူးလို့ စတာလင်တို့ကို အပြတ်ပြောလိုက်ပြန်တဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာ ကတော့ အသင်းရဲ့ အနာဂတ် ပလန်တွေမှာ ပါဝင်ခြင်း မရှိတော့တဲ့ ရာဟမ်းစတာလင်းနှင့် ဘင်ချဲလ်ဝဲလ်တို့အနေဖြင့် ကလပ်တွင် ဆက်နေပါကလည်း ပွဲကစားချိန် မိနစ် နည်းနည်းမှကို ရရှိလာမှာ မဟုတ်ကြောင်း သတိပေး ပြောကြားလာပါတယ်။

အသက် ၂၆ နှစ်ရှိ စတာလင်းဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် မန်စီးတီးမှ ပေါင်သန်း ၅၀ ဖြင့် ပြောင်းလာပြီးနောက် ချဲလ်ဆီးအတွက် ၈၁ ပွဲကစားခွင့်ရထားသူ ဖြစ်ပြီး ယခုရာသီတွင် ပွဲကစားခွင့် မရထားပါဘူး။

စတာလင်း၊ ဘင်ချဲလ်ဝဲလ်အပါအဝင် ချဲလ်ဆီးရဲ့ စီမံကိန်းတွင် မပါဝင်တဲ့ ကစားသမားများဟာ ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့် မရဘဲ သီးသန့်လေ့ကျင့်ခန်းဆင်းနေရပါတယ်။ ၎င်းတို့ဟာ အင်္ကျီကျောနံပါတ်လည်း ရရှိထားခြင်း မရှိပါဘူး။

စတာလင်းမှာ ယူနိုက်တက်အပါအဝင် ကလပ်အချို့တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး သောကြာနေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ အပြောင်းအရွှေ့ ဖြစ်လာမယ်လို့ ယူဆရပါတယ်။

ယခုအခါ မာရက်စ်ကာက “ကစားသမားတွေအပေါ်မှာ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်။ အသင်းနဲ့ မပါဝင်တဲ့ သူတွေဟာ အသင်းမှာ ဆက်နေရင် ပွဲကစားခွင့်ရလာမှာ မဟုတ်ပါဘူး။

အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ဘာဖြစ်လာမလဲ မသိပါဘူး။ သူတို့ ဆက်နေမလား မသိပါဘူး။ ပွဲကစားခွင့်ရနေတဲ့ သူတွေကပဲ အသင်းကို ကူညီနိုင်မဲ့ သူတွေလို့ ယုံကြည်ထားပါတယ်။

ရာဟမ်းက ကောင်းကောင်းလေ့ကျင့်ခန်းဆင်းတဲ့ လူကောင်းတစ်ယောက်ပါ။ နည်းပြတိုင်းမှာ ကွဲပြားတဲ့ စိတ်ကူးရှိပါတယ်။ သူက ကျွန်တော်မကြိုက်တဲ့ တောင်ပံကစားသမားမျိုးပါ။ သမိုင်းနဲ့ နံပါတ်တွေက ရာဟမ်း ဘယ်လို ကစားသမားမျိုးလဲဆိုတာ မြင်ရပါမယ်။ ဘာလုပ်ရမယ်ဆိုတာ သူကိုယ်တိုင်လည်း သိပါတယ်”လို့ ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာ ယခုနွေရာသီတွင် ကစားသမားသစ် ၁၀ ဦးအထိ ခေါ်ယူထားသလို ကိုးလ်ပါလ်မာကိုလည်း ၂၀၃၃ ခုနှစ် အထိ စာချုပ်သစ်ချုပ်ဆိုထားပါတယ်။