ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရှားပါး စံချိန် တစ်ခုကို ၅ ဦး မြောက် ရယူသူ ဖြစ်လာတဲ့ ကိုးလ် ပါလ်မာ

ချယ်ဆီး တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာဟာ ထူးခြားတဲ့ စံချိန် တစ်ခုကို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၅ ဦးမြောက် ရယူနိုင်သူ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဝုလ်ဗ်ကို ၆-၂ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ချယ်ဆီး တိုက်စစ် ကစားသမား ကိုးလ်ပါလ်မာဟာ အသင်းဖော် မာဒူအီကီ ဟက်ထရစ်သွင်းနိုင်အောင် ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။

ပါလ်မာဟာ ကိုယ်တိုင်လည်း ၁ ဂိုးသွင်းခဲ့သလို မာဒူအီကီ ပရီးမီးယားလိဂ်မှာ ပထမဆုံး ဟက်ထရစ် ဂိုး ရရှိအောင် Assists Hat-trick ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်နဲ့ပွဲမှာ ပါလ်မာက ဘောလုံးထိချက် ၄၇ ကြိမ်၊ ဘောလုံးပိုင်ဆိုင်မှုပြန်လည်ရယူနိုင်တာ ၆ ကြိမ်၊ ဂိုးပေါက်ကန်ချက် ၅ ကြိမ်၊ ဖြတ်တင်ဘော ၅ ကြိမ်၊ အခွင့်အရေးဖန်တီးနိုင်မှု ၄ ကြိမ်၊ ပြိုင်ဘက်ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက် ၃ ကြိမ်၊ ဂိုးဖန်တီးမှု ၃ ကြိမ်နဲ့ ၁ ဂိုးသွင်းယူခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်း ဂိုးဖန်တီးမှု ၃ ကြိမ်အထိပြုလုပ်နိုင်ဖို့ဆိုတာက အရမ်းခက်ခဲပြီး ၁၉၉၂ ကနေ အခုအချိန်အထိ စုစုပေါင်း ၅ ဦးသာရှိသေးသလို ၂၁ ရာစုအတွင်းမှာတော့ ပါလ်မာ အပါအဝင် ၃ ဦးသာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ခေတ်ဦးပိုင်းကာလဖြစ်တဲ့ ၁၉၉၅ ခုနှစ်တုန်းက ကိုဗင်ထရီနဲ့ပွဲမှာ ဘလက်ဘန်းတိုက်စစ်မှူး မိုက်ခ်နယူးဝဲလ်က အသင်းဖော် နာမည်ကျော် တိုက်စစ်မှူး အလန်ရှီးယား ဟက်ထရစ်သွင်းနိုင်အောင် ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီနှစ်မှာပဲ အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်တိုက်စစ်မှူး ကော်လီမိုးက အသင်းဖော် ရော်ဘီဖောင်လာအတွက် ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။

၂၀၀၃ ခုနှစ်တုန်းက ဆန်းဒါးလန်းကို အနိုင်ရတဲ့ပွဲမှာ အာဆင်နယ်ဂန္ထဝင် အွန်နရီက အသင်းဖော် ယွန်းဘတ် ဟက်ထရစ် သွင်းနိုင်အောင် Assists Hat-trick ဖန်တီးပေးခဲ့ပြီး နောက်ဆုံး စွမ်းဆောင်ခဲ့တာက စပါးအသင်း နာမည်ကျော်တိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းပါပဲ။

၂၀၂၀ ခုနှစ်တုန်းက ဆောက်သမ်တန်ကို ၅-၂ ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဟယ်ရီကိန်းက ကိုယ်တိုင် ၁ ဂိုးသွင်းခဲ့သလို အသင်းဖော် ဆွန်ဟောင်မင် ဟက်ထရစ်သွင်းနိုင်အောင် ၃ ကြိမ်ဖန်တီးပေးခဲ့ပါတယ်။

အခု ၄ နှစ်အကြာမှာတော့ ပါလ်မာက မာဒူအီကီအတွက် တစ်ပွဲတည်း ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၅ ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။