
ချဲလ်ဆီး အသင်းဟာ မနေ့ညက ဝုလ်ဗ် အသင်းကို အဝေးကွင်းမှာ ဂိုးဒါဇင်ဝက် သွင်းကာ ၂ – ၆ ရလဒ်နဲ့ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ စတင် ရရှိခဲ့ပါတယ်။
ပွဲအပြီး အင်တာဗျူးမှာတော့ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက ဟက်ထရစ်ရှင် မက်ဒူကီကို ချီးကျူးမှုတွေ လုပ်ခဲ့ပေမယ့် သူ မကြိုက်တဲ့ အပြုအမူ တရပ်နဲ့ ပတ်သက်ပြီးလည်း ပွင့်ပွင့်လင်းလင်း ထောက်ပြခဲ့ပါတယ်။
မာရက်စ်ကာ က ” အဖွင့် ၁၀မိနစ်မှာ သူ ဂိုးသွင်းခွင့် ၂ကြိမ် ရခဲ့ပြီး ခြုံပြောရရင် သူ ကစားတာ အရမ်းကောင်းခဲ့ပါတယ်။ နွန်နီဆီက ကျွန်တော် မနှစ်သက်ခဲ့တဲ့ တခုတည်းသော အရာက ပထမပိုင်း မပြီးခင် ပေးခဲ့ရတဲ့ ပြစ်ဒဏ်ဘောပါ ။ ဒါမျိုး ကျွန်တော်တို့ ရှောင်ရှားနိုင်ပါတယ်။ အထူးသဖြင့် တည်ကန်ဘောတွေ ကောင်းတဲ့ အသင်း တသင်းနဲ့ ရင်ဆိုင်တဲ့အခါမှာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ်။
တဖက်မှာ မက်ဒူူကီ အတွက် ချီးကျူးမှု အနေနဲ့ ” နွန်နီရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်ကို ကျွန်တော် အကဲဖြတ်နိုင်ပါတယ်၊ အဲဒါကတော့ အံ့သြစရာပါပဲ။
သူဟာ ပြိုင်ဖက် ကစားသမားတွေနဲ့ တဦးချင်း ရင်ဆိုင်တဲ့ နေရာမှာ တခုခု အမြဲ ဖန်တီးတတ်ပါတယ်။ ဒီကို စရောက်တဲ့ ပထမဆုံးနေ့ကတည်းက သူဟာ ကျွန်တော် အမှန်တကယ် သဘောကျတဲ့ တောင်ပံ ကစားသမားမျိုး ဆိုတာ ကျွန်တော် ပြောခဲ့ဖူးပါတယ် သူဟာ ကျွန်တော်တို့ အတွက် အမှန်တကယ် ကြိုးစားပေးနေပါတယ်။ ”
” နွန်နီ ဒီနေ့ပွဲမှာ လုပ်ခဲ့တဲ့ အကောင်းဆုံး အရာက ဟက်ထရစ် ဖြစ်ခဲ့ရုံမက သူ့ရဲ့ ခံစစ် ကစားပုံလည်း ပါဝင်ခဲ့ပါတယ်။ မိနစ် ၉၀ လုံးလုံး သူဟာ ကျွန်တော် အသင်းသားတွေဆီက တောင်းဆိုတဲ့ မှန်ကန်တဲ့ ခံယူချက်မျိုး ပြသနိုင်ခဲ့ပါတယ်။ ” လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။