
ချယ်ဆီးအသင်းဟာ ဒီည ဝုဗ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ခဲ့ရာ ဂိုး ဒါဇင်ဝက်ထိသွင်းကာ ၆-၂ နဲ့ ဂိုးပြတ် နိုင်ပွဲရခဲ့ပါတယ်။
ဒီပွဲမှာ မာဒူခီရဲ့ သွင်းဂိုး ဟက်ထရစ်၊ ပါလ်မာက ဂိုးဖန်တီးမှု ဟက်ထရစ်တို့အပြင် ဂျာအို ဖီးလစ်ရဲ့ ပွဲဦးထွက်ဂိုးနဲ့ပါ နိုင်လိုက်တာကြောင့် အချို ၃ထပ်ကွမ်း ဆင့်သွားတဲ့ နိုင်ပွဲလည်း ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ မာဒူခီရဲ့ ဟက်ထရစ်၊ ဂျက်ဆန်၊ ပါလ်မား၊ ဖီလစ်တို့ရဲ့ ဂိုးတွေနဲ့အတူ ၆ ထိ ရခဲ့ပါတယ်။
ဒီပွဲမှာ တိုက်စစ်က ဂျက်ဆန်ကို အထောင်ထားပြီး မူဒရစ်၊ ပါလ်မာ၊ မာဒူခီတို့ကို တိုက်စစ်ပံ့ပိုးစေရာမှာ ချယ်ဆီး တိုက်စစ်သမားတွေ အတော်လေး ခြေတွေ့ခဲ့ကြပါတယ်။ ဖန်တီးရှင်အဖြစ် ပါလ်မာက ထူးချွန်ခဲ့သလို မာဒူခီကလည်း ညာခြမ်းမှာ တော်တော်လေး ကောင်းခဲ့တာပါ။
ပွဲအစမှာတင် ဂျက်ဆန် ဂိုးသွင်းခဲ့ခြင်းဖြစ်ကာ ပါလ်မာရဲ့ ဧရိယာထိပ်က ကန်ချက်ကလည်း လှပလွန်းခဲ့တယ်။ ဝုဗ်ကလည်း ဂိုးပေးရလိုက်တိုင်း တွန့်ဆုတ်မနေဘဲ ချေပဂိုး ပြန်ရဖို့ ခပ်မြန်မြန် ကြိုးစားတာမို့ ပထမပိုင်းမှာ ၂-၂ ဖြစ်ခဲ့ကာ ပွဲက ကြည့်လို့ ကောင်းလွန်းခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ချယ်ဆီး ကွင်းလယ်ကနေ ဝုဗ်ရဲ့ တိုက်စစ်ကို ဖြတ်တောက်နိုင်စွမ်း ပိုကောင်းလာပြီး တိုက်စစ်တွဲလုံး ဖော်ထုတ်နိုင်ရာမှာလည်း ပိုမို သေသပ်လာခဲ့တယ်။
မာဒူခီရဲ့ ကံနည်းနည်းကောင်းတဲ့ ဂိုးက ချယ်ဆီးကို ဦးဆောင်စေခဲ့သလို သူ့ရဲ့ နောက်ထပ် သွင်းဂိုးအတွက် ပါလ်မာရဲ့ ဖန်တီးပေးမှုကလည်း လက်ဖျားခါလောက်အောင် သေသပ်လှပါတယ်။ မာဒူခီအနေနဲ့ ပိတ်မယ့် တစ်ချက်ပဲ အာရုံစိုက်ဖို့ လိုလောက်အောင် ကွက်တိ ပေးမှုတွေပါ။
တိုက်စစ်ပိုင်း သိပ်ကောင်းနေတဲ့ ချယ်ဆီးကို ပါဝင် အားဖြည့်ပေးတာက ကစားသမားသစ် ဖီလစ်ဖြစ်ပြီး ဘယ်တောင်ပံကနေ နက်တို တောက်လျှောက် ပြေးတက်ကာ ဧရိယာထဲ ချိုးပေးတဲ့ ဘောလုံးကို ဖီလစ်က အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲကတော့ ချယ်ဆီးရဲ့ ကြောက်စရာကောင်းတဲ့ တိုက်စစ်အင်အားကို မြင်ခဲ့ရခြင်းဖြစ်ကာ နည်းပြမာရက်စကာ လက်ထက် ပထမဆုံး နိုင်ပွဲကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။