
ချဲလ်ဆီးကြယ်ပွင့် နိုနီ မာဒူခီက ဒီနေ့ည မိုလီနာကွင်းကို သွားကစားရမယ့်ပွဲမတိုင်ခင် သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဝုဗာဟမ်တန်နဲ့ပတ်သက်သမျှ အရာအားလုံးက ချီးထုပ်ပဲလို့ ကြေညာခဲ့ပြီးနောက် အလျင်အမြန်ပဲ ပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ အန်ဇို မာရက်စ်ကာရဲ့အသင်းနဲ့အတူ ဒီနေ့ညမှာ ဝုဗ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ဖို့ ထွက်ခွာသွားတဲ့ လူစာရင်းနဲ့ လိုက်ပါခဲ့သူဖြစ်ပြီး ချဲလ်ဆီးက ပရီးမီးယားလိဂ်ရာသီ ဒုတိယမြောက် ပွဲစဉ်အဖြစ် ဂယ်ရီ အိုနေးလ်ရဲ့ အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။
ချဲလ်ဆီးက ရာသီအဖွင့်ပွဲစဉ်မှာ လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ မန်ချက်စတာစီးတီးကို ၂-၀ နဲ့ အိမ်ကွင်းစတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီ ပထမဆုံးနိုင်ပွဲကို ရယူသွားဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး မာဒူခီက ပြီးခဲ့တဲ့အပတ်က ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပေမယ့် ဒီနေ့ညပွဲမှာတော့ ပွဲထွက်ကစားခွင့်ရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပွဲမကန်ခင် နာရီပိုင်းအလို လူမှုကွန်ရက်ပေါ်မှာ ပြုလုပ်ခဲ့တဲ့ အပြုအမူကြောင့် ဝုဗ်နဲ့ပွဲမှာ ပွဲထွက်ဖို့ အခွင့်အရေးကို ထိခိုက်အောင် လုပ်မိခဲ့တာဖြစ်ပြီး ဝုဗ်အသင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို အင်စတာဂရမ်ပေါ်မှာ ထုတ်ဖော်ပြသခဲ့ချိန်မှာ ဒီနေရာနဲ့ပတ်သက်တဲ့ အရာအားလုံးက ချီးထုပ်ပဲလို့ အဆင်အခြင်မဲ့ရေးသားခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ မာဒူအခီဟာ အဲဒီပို့စ်ကို သူ့ရဲ့ သီးသန့် အင်စတာဂရမ်စာမျက်နှာပေါ်မှာ တင်ချင်ခဲ့တာဖြစ်ပေမယ့်လည်း မှားယွင်းပြီး အများသိတဲ့ ပရိုဖိုင်မှာ တင်မိခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ချဲလ်ဆီးကြယ်ပွင့်က ချက်ချင်းပဲ အဲဒီမှတ်ချက်ကို ပြန်ဖျက်သွားခဲ့တာဖြစ်ပါတယ်။
“တေစမ်း အင်စတာဂရမ် အကောင့် မှားသွားတယ်။ ခင်ဗျားတို့ အရမ်းမြန်ကြတာပဲနော်(ရယ်မောနေတဲ့ အီမိုဂျီ၊ မျက်နှာကို လက်ဝါးနဲ့အုပ်ထားတဲ့ အီမိုဂျီ)”လို့ ပရိသတ် ၉ သိန်း ၆ သောင်းကျော်ရှိတဲ့ အင်စတာဂရမ် အကောင့်မှာ ပြန်လည်ရေးသားခဲ့ပါတယ်။