မန်စီးတီးအသင်းဟာ မနေ့ညက အီတီဟက် ကွင်းမှာ တန်းတက် အစ်ဝစ်ချ်အသင်းကို ဧည့်ခံ ကစားရာ ၄-၁ နဲ့ ဂိုးပြတ် နိုင်ပွဲကောင်း ရခဲ့ပါတယ်။
ဒီပွဲမှာ စီးတီး တိုက်စစ်မှုး ဟာလန်းက ဟက်ထရစ် သွင်းယူနိုင်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၂ ပွဲ ကစားထားရာမှာ ၄ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။
ယင်းပမာဏမှာ အခြားကစားသမားအများစုတို့ရဲ့ သွင်းဂိုးပမာဏရဲ့ နှစ်ဆလည်း ဖြစ်ပါတယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာကတော့ နွေရာသီတစ်ခုလုံး အနားရထားပြီး လန်းဆန်းနေတဲ့ အာလင်းဟာလန်းရဲ့ ဂိုးဆာလောင်နေမှုအပေါ် အားရကျေနပ်လျက်ရှိပါတယ်၊
ညက အပြီးမှာ ဂွါဒီယိုလာက “အရင် ရာသီတွေထက် ပိုပြီး သူ လန်းဆန်းနေတယ်ဆိုတာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကတည်းက ကျုပ် ပြောလာခဲ့တာပါ။ အရင်တုန်းကဆို ပင်ပန်းနေတုန်းပဲ သူ ပြောလေ့ရှိတာ အမှတ်ရတယ်။
ဒါပေမဲ့ ဒီရာသီမှာတော့ ယူရို မရှိတော့ သူဟာ အရမ်းကောင်းတဲ့ ပုံစံနဲ့ ရောက်လာတယ်။ ရာသီအကုန်အထိ ပွဲအားလုံးမကစားနိုင်တာတော့ အမှန်ပါ။ ဒါပေမဲ့ သူ လန်းဆန်းနေတာ၊ ဂိုးတွေ အများကြီး သွင်းနေဖို့က အရေးအကြီးဆုံးပါ”လို့ ပြောကြားသွားပါတယ်။
ဟာလန်းဟာ ပရီးမီးယားလိဂ်တွင် ကစားတဲ့ နှစ်ရာသီဆက် ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်လာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၂-၂၃ ရာသီမှာ ၃၆ ဂိုး၊ ပြီးခဲ့တဲ့ ရာသီတုန်းက ၂၇ ဂိုးအသီးသီးသွင်းခဲ့ပါတယ်။ သူဟာ ဒုတိယ ရာသီမှာ ဒဏ်ရာကြောင့် ပွဲများစွာ လွဲခဲ့ပေမဲ့ ဒုတိယဂိုးသွင်းဘုရင်ကို ၅ ဂိုးဖြတ်ပြီး ရွှေဖိနပ်ဆု ရယူခဲ့တာပါ။
အခုဆိုရင် အာလင်းဟာလန်းဟာ မန်စီးတီးအတွက် ဂိုးရာပြည့်ဖို့ ၆ ဂိုးတည်းသာ လိုတော့ပြီ ဖြစ်ပါတယ်။ သူဟာ မန်စီးတီးအတွက် ပွဲ ၁၀၁ ပွဲကစားထားရာမှာ ယင်းဂိုးပမာဏအထိ သွင်းထားတာလည်း ဖြစ်ပါတယ်။