ချယ်ဆီး လူ ဘယ်လောက် ဝယ်ဝယ်၊ သူ့ လူစာရင်းနဲ့ သူပဲ လုပ်မှာ ဆိုတဲ့ မာရက်စ်ကာရဲ့ ပြတ်သားတဲ့ အသိပေးစကား

ချယ်ဆီးအသင်းဟာ ဒီနွေ ၉ ဦးမြောက် ခေါ်ယူမှု အဖြစ် အက်သလက်တီကို မက်ဒရစ် တိုက်စစ်သမား ဂျာအို ဖိလစ် ကို ပေါင် ၄၂.၇ သန်းနဲ့ ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

ဖိလစ် အတွက်တော့ ချယ်ဆီးထံ ဒုတိယ အကြိမ်မြောက် ရောက်လာခြင်းလည်း ဖြစ်ပါတယ်။ ၂၀၂၂-၂၃ ရာသီတုန်းကလည်း ဖိလစ်က စတန်းဖို့ဘရစ်ချ်မှာ ၆ လ တာ အငှား လာရောက် ကစားခဲ့ပါသေးတယ်။

လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက ချယ်ဆီး အသင်း လူဝယ်များနေတာနဲ့ ပတ်သတ်ပြီး ” အခု ချယ်ဆီး လူစာရင်းကို ကြည့်လိုက်ဦး၊ ဖိလစ်က ချယ်ဆီး အသင်းရဲ့ အဝတ်လဲခန်းမှာ နေရာတောင် ရှိပါ့မလား.. သူ ဘယ်နေရာမှာ အဝတ်သွားလဲမှာလဲ တောင် စိတ်ပူမိတယ်.. တကယ် အတည်ပြောနေတာ။

မင်းမှာ ကစားသမား ၄၀ လောက်ရှိရင် သူတို့အားလုံးကို အဝတ်လဲခန်း တစ်ခုထံ ဘယ်လို ဆံ့အောင် ထည့်မလဲ? လေ့ကျင့်ရေးတစ်ခုမှာ ဒီကစားသမားတွေ အားလုံးကို ဘယ်လို သွားပြီး နေရာချမလဲ?” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နည်းပြ မာရက်စ်ကာကတော့ ချယ်ဆီး ကစားသမားတွေ ဘယ်လောက် များတယ် ပြောပြော သူ့ စိတ်ကြိုက် လူစာရင်းသာ ပွဲထုတ်မှာ ဖြစ်ကြောင်း ခပ်ပြတ်ပြတ် ပြောဆိုလိုက်ပါတယ်။

“ကစားသမား ၄၂ ဦးနဲ့ ကျနော် လေ့ကျင့်ရေး မလုပ်ပါဘူး၊ ၂၁ ဦးနဲ့ပဲ ကျနော် အလုပ်လုပ်နေတာပါ၊ ကစားသမား ၁၅ဦး၊ ၂၀ ဦးက သီးခြားလေ့ကျင့်ကြပါတယ်၊ ကျနော် သူတို့ကို မတွေ့ဘူး၊ သူတို့က အနှစ် ၂၀ စာချုပ်တောင် ချုပ်ထားနိုင်ပါတယ်၊ ဒါက ကျနော့်အလုပ်မဟုတ်ဘူး၊ ဂရုလည်းမစိုက်ပါဘူး” လို့ မာရက်စ်ကာ က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။