ချဲလ်ဆီးနဲ့ အနာဂတ် က ဘယ်လိုလဲ မေးခွန်းထုတ်လာတဲ့ စတားလင်း အေးဂျင့်များနဲ့ ခေါင်းစားရဦးမယ့် မာရက်စ်ကာ

ချဲလ်ဆီး တိုက်စစ်သမား ရာဟမ်းစတာလင်းရဲ့ အေးဂျင့် တွေကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညတုန်းက မန်စီးတီးနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ချဲလ်ဆီး လူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရရန် ကြိုးပမ်းလာပါတယ်။

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာဟာ ယခုနွေရာသီတွင် ကစားသမားသစ် ၁၁ ဦးအား ပေါင် ၁၈၅ သန်း အသုံးပြုကာ ခေါ်ယူထားပြီး ယခုအခါ စီနီယာအသင်းတွင် ကစားသမား ၄၀ ဦးကျော်အထိ ရှိနေပါတယ်။

စတာလင်းဟာ ရာသီသစ်တွင် အကောင်းဆုံးဖြစ်နေစေရန်အတွက် အပန်းဖြေခရီးမှ နှစ်ပတ်စောပြီး အင်္ဂလန်သို့ ပြန်လာကာ သီးသန့် လေ့ကျင့်ခန်းများဆင်းခဲ့သလို ရာသီကြိုလေ့ကျင့်ခန်းဆင်းချိန်တွင်လည်း နည်းပြမာရက်စ်ကာနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ရရှိခဲ့ပါတယ်။

ဒါပေမဲ့ စတာလင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ကစားမယ့် ချဲလ်ဆီး လူစာရင်းကနေ ချန်လှပ်ခြင်းခံရပြီးနောက် အံ့ဩသင့်နေပါတယ်။

ဒါကြောင့်လည်း စတာလင်းရဲ့ အေးဂျင့်များဟာ ကစားသမားရဲ့ ချဲလ်ဆီး အနာဂတ်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ရန် ထုတ်ပြန်ချက် ပြုလုပ်ပြီး ချဲလ်ဆီးကို အသိပေးလာပါတယ်။

မန်စီးတီးအား ရှုံးနိမ့်တဲ့ပွဲအပြီးတွင် စတာလင်းအား ချန်လှပ်ခဲ့မှုနှင့်ပတ်သက်ပြီး မာရက်စ်ကာက “မန်နေဂျာဆိုတာ ဆုံးဖြတ်ချက် အချို့ ချရပါတယ်။ တခါတလေ ကစားသမားတွေ သဘောမကျကြပါဘူး။ ဒါက ပုံမှန်ပါပဲ။ ဒါက နည်းစနစ်ပိုင်း ဆုံးဖြတ်ချက်ပါ။ ဒီထက် ဘာမှ မပိုပါဘူး”လို့ ပြောကြားသွားပါတယ်။

စတာလင်းဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မန်စီးတီးမှ ပေါင်သန်း ၅၀ ဖြင့် ပြောင်းလာပြီးနောက် ချဲလ်ဆီးအတွက် ၈၁ ပွဲ ကစားပေးထားပါတယ်။