ဂျာအို ဖီးလစ်နဲ့ ဂယ်လက်ဂါ တို့ အပြောင်းအရွှေ့ကို တပြိုင်နက်တည်း အပြီးသတ်ခဲ့ကြတဲ့ ချယ်ဆီးနဲ့ တီကို

ချယ်ဆီးအသင်းရဲ့ အင်္ဂလန်သား ကွင်းလယ် ကစားသမား ကော်နာ ဂယ်လက်ဂါဟာ ဒီတခါတော့ အက်သလက်တီကိုမက်ဒရစ် အသင်းထံ တကယ် ပြောင်းရွှေ့ရတော့မှာပါ။

ဂယ်လက်ဂါက လာမယ့် (၂၄)နာရီ ဒါမှမဟုတ် (၄၈)နာရီအတွင်း မက်ဒရစ်မြို့ဆီ သွားရောက်ဖို့ ချယ်လ်ဆီးအသင်းဆီကနေ ခွင့်ပြုချက် ရရှိထားခဲ့ပြီပဲ ဖြစ်ပါတယ်။

အက်သလက်တီကိုကလည်း ဂယ်လက်ဂါကို ယူရို (၄၂)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီးမှ ဆမူ အိုမိုရိုဒီယန်ရဲ့ အပြောင်းအရွှေ့ကြောင့်သာ ခဏတန့်သွားခဲ့ရတာဖြစ်ပြီး အခုတော့ ပြန်လည် လှုပ်ရှား အပြီးသတ်လာတာပါ။

ဂယ်လက်ဂါ အပြောင်းအရွှေ့ အပြင် ချယ်ဆီးနဲ့ တီကို တို့က ဂျာအို ဖီးလစ် အပြောင်းအရွှေ့ကိုလည်း တပါတည်း သဘောတူခဲ့ကြပါတယ်။

ဆမူ အိုမိုရိုဒီယန်ကို ခေါ်ယူမယ့် ကိစ္စ ရပ်ဆိုင်းလိုက်ပြီးချိန်မှာ ချယ်ဆီးက နောက်ထပ် အက်သလက်တီကို တိုက်စစ် ကစားသမားဖြစ်တဲ့ ဂျာအို ဖီးလစ်ကိုသာ ပြောင်းလဲ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ရာ အခုတော့ သဘောတူညီမှု ရသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အက်သလက်တီကိုမှာ မနေချင်တော့တဲ့ ဂျာအို ဖီးလစ်ကလည်း (၆)လလောက် အငှားနဲ့ ကစားခဲ့ဖူးတဲ့ ချယ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သဘောတူ လက်ခံခဲ့သလို ၂၀၃၀ + (၁)နှစ်သက်တမ်းတိုးခွင့် စာချုပ်ကိုလည်း သဘောတူခဲ့ပါတယ်။

အခုတော့ ဂျာအို ဖီးလစ်နဲ့ ချယ်ဆီးတို့ရဲ့ transfer ကိစ္စ အဆင်ပြေသွားခဲ့သလို ဂယ်လက်ဂါလည်း အက်သလက်တီကိုဆီ သေချာပေါက် ပြောင်းရွှေ့ရပါတော့မယ်။