ထရိန်နင်တောင် သိပ်မရှိသေးဘဲ ချဲလ်ဆီးကို အပြတ်တီးနိုင်ခဲ့လို့ အားရနေတဲ့ ပက် ဂွါဒီယိုလာ

မန်ချက်စတာစီးတီး နည်းပြ ပက်ဂွါဒီယိုလာ ကတော့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးကို ၂-၀ နဲ့ အနိုင်ယူပြီးနောက် အသင်းရဲ့ကစားပုံကို အားရကျေနပ်မိကြောင်းနဲ့ ကြီးမားတဲ့ခြေလှမ်းတစ်ခု စတင်နိုင်ခဲ့တာဖြစ်တယ် လို့ ဆိုလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်စီးတီးဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ် ၂ ကျော့လုံး အနိုင်မရခဲ့ဘဲ စတန်းဖို့ဒ်ဘရစ်ချ်မှာ ၄-၄ ၊ အီတီဟတ်မှာ ၁-၁ နဲ့သရေကျခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီတခါ စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အဖွင့်ပွဲမှာတော့ အာလင်းဟာလန်းနဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း ကိုဗာဆစ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၂-၀ နဲအနိုင်ရရှိခဲ့ပါတယ်။

ဂွါဒီယိုလာက “အသင်းရဲ့ကစားပုံကို ဒီလောက်အထိ မမျှော်လင့်ခဲ့ပါဘူး။ သူတို့ ဒီလောက်အထိလုပ်နိုင်တယ်ဆိုတာ သိပေမယ့် လေ့ကျင့်ရေး ကောင်းကောင်းမဆင်းရသေးဘဲနဲ့ လုပ်နိုင်ခဲ့ကြတာကတော့ အံ့ဩစရာပါ။

ပြီးခဲ့တဲ့ ရာသီက စတန်းဖို့ဒ်ဘရစ်ချ်မှာ ကျွန်တော်တို့ အနိုင်မရခဲ့ပါဘူး။ အခုတော့ တိုးတက်လာပြီလို့ဆိုရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ နောက်ထပ်ကစားဖို့ ၆၅ ပွဲလောက်ကျန်ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ယုံကြည်မှုလည်း တိုးတက်လာမယ်လို့ထင်ပါတယ်။ ဒီပွဲအတွက် ပြင်ဆင်ချိန် ၂ ရက် ၃ ရက်ပဲရခဲ့ပြီး လေ့ကျင့်ရေးအစီအစဉ်တွေလည်း အပြည့်အဝမလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်အတွက်တော့ မယုံနိုင်စရာ ပွဲတစ်ပွဲပါပဲ” လို့ပြောကြားခဲ့ပါတယ်။