အသင်းခေါင်းဆောင်က စလို့ ချဲလ်ဆီး တစ်သင်းလုံး လူချကစားတာကို စိတ်ပျက်နေတဲ့ အာလင်း ဟာလန်း

မန်စီးတီး တိုက်စစ်မှုး ဟာလန်းက ချဲလ်ဆီးအသင်းကို၂-ဝ နဲ့ အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း သူ့အပေါ် လူချကစားခဲ့တဲ့ ပြိုင်ဘက် ချဲလ်ဆီး ကစားသမားတစ်ဦးကို ဟာလန်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စပိန်အသင်းရဲ့ယူရို-၂၀၂၄ အောင်ပွဲအပြီး သူ့ကိုသရော်တဲ့ သီချင်းတစ်ပုဒ်ကို စပ်ဆိုခဲ့သူ ကူကူရယ်လာကိုလည်း မန်စီးတီးဂိုးသွင်းစက်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီနိုင်ပွဲက နော်ဝေတိုက်စစ်မှူးရဲ့ မန်စီးတီးကစားသမားဘ၀ ရာပြည့်ပွဲစဉ်ဖြစ်သလို သွင်းဂိုးပါရယူနိုင်ခဲ့လို့ ဟာလန်းအတွက် ထူခြားတဲ့အောင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အသက် ၂၄ နှစ်အရွယ်ကစားသမားက ပွဲစဉ်နဲ့ပတ်သက်တဲ့ ကဏ္ဍတစ်ရပ်အပေါ် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ပါတယ်။ သူက ပွဲချိန်အတွင်း အသင်းခေါင်းဆောင် အန်ဇိုဖာနန်ဒက်ဇ်အပါအဝင် ချဲလ်ဆီးကစားသမားတွေရဲ့အဆက်မပြတ် လူချကစားမှုကိုလည်း မကျေမနပ်ဖြစ်နေခဲ့ပါတယ်။

Match of the Day အစီအစဉ်မှာ ဟာလန်းက “ အချိန်တိုင်းလိုလို အန်ဇိုဖာနန်ဒက်ဇ်က ကျွန်တော့်ကို တွန်းထိုးကန်ကျောက်ခဲ့ပါတယ်။ လုပ်လို့ရသမျှ အကုန်လုပ်ခဲ့တာပါ။ သူတစ်ယောက်တည်းတင် မဟုတ်ပါဘူး။ သူတို့ ဘာဖြစ်ချင်မှန်း မသိပေမယ့် တချိန်လုံး အဲ့ဒီလိုပဲ လုပ်နေခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ဂယ်ရီနဗီးလ် အပါအဝင် ဘောလုံးဝေဖန်သုံးသပ်သူတွေကလည်း အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ပွဲချိန် ပထမပိုင်း စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ အာဂျင်တီးနားလက်ရွေးစင်နဲ့ သူ့ရဲ့အသင်းဖော်ကို မန်စီးတီးက စုတ်ပြတ်သတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

သူ့ အပေါ်လှောင်ပြောင်သရော်ထားတဲ့ သီချင်းကို သီဆိုခဲ့သူ ကူူကူရယ်လာနဲ့ ပတ်သက်လို့လည်း နော်ဝေရုပ်သံသတင်းဌာန က ဟာလန်းဆီ မေးမြန်းလာခဲ့ရာ ဟာလန်းက ခပ်ပြတ်ပြတ် တုန့်ပြန်ခဲ့ပါသေးတယ်။