
တနင်္ဂနွေညက ပရီးမီးယားလိဂ် အဖွင့် သီတင်းပတ်၊ ပွဲစဉ် ၁ အဖြစ် ချယ်ဆီးနဲ့ မန်စီးတီး တို့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားရာမှာ မန်စီးတီးက ချယ်ဆီးကို ၂-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။ စီးတီးအတွက် ဟာလန်း၊ ကိုဗာဆစ်တို့ က ဂိုးသွင်းခဲ့တာပါ။
ချယ်ဆီးနည်းပြ မာရက်စ်ကာကတော့ သူ့အသင်းဟာ လက်ရှိ ချန်ပီယံတွေကို ကောင်းကောင်း ယှဉ်နိုင်ခဲ့ပြီး ပိုကောင်းတဲ့ အခိုက်တန့်တွေတောင် ရှိတယ်လို့ ပွဲအပြီးမှာ ကျေနပ်စကား ဆိုခဲ့ပါတယ်။
” ဒီနေ့ပွဲ မှာ ကျွန်တော်တို့ အသင်း စွမ်းဆောင်ရည်က ကောင်းတယ်လို့ မြင်တယ်။ ပွဲချိန် တော်တော်များများ သေချာ ယှဉ် ကစားနိုင်ခဲ့တယ်။ အခွင့်အရေးကောင်းတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်၊ အဲဒီ အခွင့်အရေးတွေကို ကျွန်တော်တို့ အသုံးမချနိုင်ခဲ့တာပဲ ရှိတယ်။
ဒါပေမယ့် အရေးကြီးဆုံးက အခွင့်အရေးတွေ ဖန်တီးဖို့ပဲ ဆိုတော့ ကျွန်တော် ကျေနပ်ပါတယ်။ ခြေစွမ်းက overall ကြည့်ရင် ကောင်းခဲ့တယ်။ အဓိက ကွာသွားတာက ဂိုးဧရိယာထဲမှာ လုပ်နိုင်စွမ်းပါပဲ။
ဒီနေ့ ချန်ပီယံ အသင်းကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတာ။ ဒီပုံစံ အတိုင်း ဆက်သွားပြီး ပွဲတွေ နိုင်အောင် ကန်မှာပါ။ သူတို့က ဘောလုံး ကိုင် ကစားတဲ့နေရာမှာ ဆရာ တစ်ဆူပဲ။
ကျွန်တော်တို့ အသင်း လိုချင်တဲ့ စွမ်းဆောင်ရည် ရခဲ့တယ်။ ဒါ အဓိကပဲလေ။ ” လို့ မာရက်စ်ကာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။