စီးတီးကို အရှုံးနဲ့ စလိုက်တဲ့ မာရက်စ်ကာရဲ့ ချယ်ဆီး ခေတ်သစ်၊ ပိုချက်ရဲ့ ချယ်ဆီးနဲ့ အခု ချယ်ဆီး ဘာတွေ ကွာခြားသွား

ချယ်ဆီး အသင်းဟာ မနေ့ညက စတန်းဖို့ ဘရစ်ချ်မှာ မန်ချက်စတာ စီးတီးကို ဧည့်ခံ ကစားရာ ၂-ဝ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

နည်းပြသစ် မာရက်စ်ကာလက်ထက် ချယ်ဆီးအသင်းဟာ Pressing လုပ်တဲ့အပိုင်းမှာ နည်းပြဟောင်းပိုချက်တီနိုထက်တောင် ပိုအားနည်းသွားတယ်လို့ ထင်ရပြီး ပိုချက်တီနိုတုန်းက မန်စီးတီးကို အနိုင်မရခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံးမှာ မန်စီးတီးကို ဦးဆောင်ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

မာရက်စ်ကာက မန်စီးတီးကွင်းလယ်ကို အသာစီးရဖို့အတွက် ၄-၁-၄-၁၊ ၄-၂-၃-၁ Shape ကို အလျဉ်းသင့်သလို အသုံးပြုခဲ့ပေမဲ့ ကွင်းလယ်မှာ လူတွေစုံပြုံနေတာကလွဲလို့ စနစ်ကျတဲ့ကစားဟန်မျိုး မရှိခဲ့ဘူး။

အန်ဇိုဖာနန်ဒက်ဇ်က No 10 Role နေရာကစားပေမဲ့ သူက တိုက်စစ်အားသန်တဲ့ ကွင်းလယ်လူမဟုတ်သလို လာဗီယာ၊ ကိုင်စီဒိုတို့ကလည်း အန်ဇိုဖာနန်ဒက်ဇ်နဲ့ ထူးမခြားနားပါပဲ။

ဂိုးရဖို့နဲ့ တိုက်စစ်လမ်းကြောင်းစတင်ဖို့အတွက် ပါလ်မာကို အဓိကအားကိုးနေရချိန်မှာ ပါလ်မာကလည်း အခုပွဲမှာ ခြေမပေါ်တာကြောင့် ချယ်လ်ဆီးတိုက်စစ်စွမ်းဆောင်ရည်က သိသိသာသာကျဆင်းခဲ့ပြီး ပထမပိုင်းမှာဆိုရင် ဂိုးပေါက်ကန်ချက် ၄ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ ကွင်းလယ်ကို ထိန်းချုပ်ဖို့ ပြင်လာတဲ့ ချယ်ဆီးကစားကွက်ကြောင့် တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဒိုကူ၊ ဆာဗင်ညိုတို့ရဲ့ တိုးအား၊ ရုန်းအားတွေကို အဓိကအသုံးချပြီးတော့ ချယ်ဆီးဘက်ကို ထိုးဖောက်ခဲ့ပြီး အစောပိုင်းမိနစ်တွေမှာ ဒိုကူဟာ ညာခြမ်းမှာကစားပေမဲ့ ပုံစံကောင်းမပြနိုင်တဲ့အတွက် နောက်ပိုင်းမှာ သူ့ပုံမှန်နေရာဖြစ်တဲ့ ဘယ်ခြမ်းကို ပြန်ရောက်သွားမှ ကစားအား ပိုကောင်းလာပါတယ်။

ဒိုကူ၊ ဆာဗင်ညိုတို့ကို ချယ်ဆီးကစားသမားတွေ တစ်ချိန်လုံး Marking လုပ်နေရတာကြောင့် ကွင်းလယ်မှာ နေရာလွတ်တွေဖြစ်ခဲ့ပြီး ကိုဗာချစ်၊ ဘာနာဒိုဆေးလ်ဗားတို့က အဲဒီ Space တွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်။

ပထမပိုင်း ၁၈ မိနစ်မှာ ဒိုကူ ချိုးပေးလိုက်တဲ့ဘောလုံးက ဘာနာဒိုဆေးလ်ဗား ခြေထောက်နဲ့ထိပြီးတာ့ လမ်းကြောင်းပြောင်းပြီး ဟာလန်းဆီ ရောက်သွားတာကနေ ဟာလန်းက ချယ်ဆီးနောက်ခံလူနှစ်ဦး ဝိုင်းဖိထားတဲ့ကြားထဲကနေ မရမက ဂိုးသွင်းယူခဲ့ပါတယ်။

ချယ်ဆီးကွင်းလယ်မှာ အန်ဇိုဖာနန်ဒက်ဇ်၊ လာဗီယာ၊ ကိုင်စီဒိုတို့ရဲ့ တစ်ချက်တစ်ချက် တွဲလုံးတွေကနေ ထိုးဖောက်မှုလုပ်နိုင်ခဲ့ပေမဲ့ အန်ကွန်ကူ၊ နီကိုလက်စ်ဂျက်ဆင်၊ ပါလ်မာတို့ကြားမှာ ချိတ်ဆက်မှု မရှိဖြစ်နေတာကြောင့် ချေပဂိုးရနိုင်လောက်တဲ့အထိ မဖန်တီးနိုင်ခဲ့ပါဘူး။

နီကိုလက်စ်ဂျက်ဆင် ချေပဂိုး ပြန်သွင်းပေမဲ့လည်း လူကျွံနေလို့ ဂိုးမရခဲ့ပါဘူး။ မန်စီးတီးအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ ၈၄ မိနစ်မှာ ချယ်လ်ဆီးကွင်းလယ်လူဟောင်း ကိုဗာချစ်က ကွင်းလယ်ကနေ ကန်ချက်ပြင်းပြင်းနဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

အခုပွဲမှာ အနိုင်ရခဲ့တဲ့အတွက် မန်စီးတီးအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချယ်ဆီးအသင်းကို ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ၈ ပွဲနိုင် ၂ ပွဲသရေကျခဲ့ပါတယ်။