ဂယ်လာဂါ ကိစ္စ အခြေအေန ကို နည်းပြ မာရက်စ်ကာ အသိပေး ထုတ်ဖော် ပြောကြားလာပါတယ်

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာ က ကော်နာဂယ်လာဂါ က ချဲလ်ဆီး စီနီယာ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခြင်းမရှိကြောင်းနှင့် တနင်္ဂနွေနေ့ည မန်စီးတီးနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ပါဝင်လာမည်မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

အသက် ၂၄ နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ အက်သလက်တီကိုရဲ့ ပေါင် ၃၃ သန်းဖြင့် ကမ်းလှမ်းမှုကို ချဲလ်ဆီးက လက်ခံလိုက်ပြီး အပြောင်းအရွှေ့အပြီးသတ်ရေး မက်ဒရစ်သို့ သွားရောက်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ အက်သလက်တီကိုမက်ဒရစ်ရဲ့ ကွင်းသို့ သွားရောက် လည်ပတ်ခဲ့တဲ့အပြင် မက်ဒရစ်ရှိ ဟိုတယ်တစ်ခုတွင် ၅ ည တိုင်တိုင် နေထိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးရဲ့ အက်သလက်တီကိုတိုက်စစ်မှူးဆာမူးအိုမိုရိုဒီယွန်အား ခေါ်ယူမှု ပျက်ပြယ်သွားပြီးနောက် ဂယ်လာဂါရဲ့ အပြောင်းအရွှေ့မှာလည်း မရေမရာ ဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးဟာ အက်သလက်တီကိုရဲ့ ဂျာအိုဖီးလစ်အား ခေါ်ယူရေး ထပ်မံ ကြိုးပမ်းနေပေမဲ့လည်း ကလပ်နှစ်ခုအကြား ပြောင်းရွှေ့ကြေးရရှိရေး ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဂယ်လာဂါဟာ လန်ဒန်သို့ ပြန်လည်ရောက်ရှိလာပြီး ချဲလ်ဆီးနှင့် ပြန်လည်ပူးပေါင်းနေတာ ဖြစ်ပါတယ်။

မာရက်စ်ကာက “ကော်နာ ပြန်ရောက်နေပြီ။ လေ့ကျင့်ခန်း နည်းနည်းဆင်းတယ်။ ဆေး စစ်ဆေးမှုတချို့ လုပ်တယ်။ လေ့ကျင့်ခန်းလည်း ဆင်းတယ်။ ဒီပွဲ(မန်စီးတီး)မှာတော့ မပါပါဘူး။

သူလည်း ကလပ်နဲ့ ပူးပေါင်းလည်း အဖြေရှာဖို့ ကြိုးစားနေတာ ခင်ဗျားတို့ ပိုသိပါတယ်။ ဘာဖြစ်လာမလဲ ကြည့်ရမယ်။ ကော်နာရဲ့ အခြေအနေ အားလုံးအတွက် ပျော်စရာနဲ့ အဆုံးသတ်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး မာရက်စ်ကာက တနင်္ဂနွေနေ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပွဲစဉ်တွင် အသင်းခေါင်းဆောင်ရီစီဂျိမ်းစ်မှာ ဒဏ်ရာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ကြောင်းလည်း ဆိုသွားပါတယ်။

ရီစီဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီ ရာသီသိမ်းပွဲဖြစ်တဲ့ ဘရိုက်တန်နှင့်ပွဲမှာ အနီကတ်ပြသခြင်းခံခဲ့ရကာ ပွဲပယ်ခံထားရသူလည်း ဖြစ်ပါတယ်။