
အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်တွေ ဆက်တိုက်ခေါ်ယူနေတဲ့ ချယ်ဆီးအသင်းဟာ ကုန်ကျစရိတ် ပြန်ကာမိအောင် သူတို့ရဲ့ကစားသမားတွေကို ရောင်းချတာကနေ ပေါင်သန်း ၂၀၀ အထိရှာဖွေနိုင်ဖို့ စီစဉ်နေပါတယ်။
ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဝုလ်ဗ်အသင်းတိုက်စစ်ကစားသမား ပတ်ဒရိုနက်တိုကို ပေါင် ၅၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့ ချယ်ဆီးအသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုက အဆုံးသတ်မှာ မဟုတ်သေးဘဲ အက်သလက်တီကိုတိုက်စစ်မှူး အိုမိုရိုဒီယွန်ကို ခေါ်ယူဖို့ ကြိုးပမ်းမှု အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမဲ့ သြဂုတ် ၃၁ ရက်မတိုင်ခင် တိုက်စစ်မှူးတစ်ဦးခေါ်ယူလိုနေပြီး ကစားသမားဟောင်း ယာအိုဖိလစ်၊ နာပိုလီတိုက်စစ်မှူးအိုစီမင်တို့ကို ပစ်မှတ်ထားနေပါတယ်။
အခုဆိုရင် တော့ဒ်ဘိုလေလက်ထက် ချယ်ဆီးအသင်း အသုံးစရိတ်က ပေါင် ၁.၅ ဘီလီယံအထိရှိလာပြီဖြစ်ပါတယ်။
အခုလောလောဆယ် အသင်းမှာ တရားဝင်စာရင်းသွင်းထားသူ ကစားသမားစုစုပေါင်း အယောက် ၅ဝ ကျော်အထိရှိနေပြီး နည်းပြသစ်မာရက်စ်ကာဟာ အမာခံကစားသမား ၂၅ ယောက်သာ လိုအပ်တာကြောင့် ရောင်းထုတ်ရမဲ့သူ တော်တော်များများရှိနေပါတယ်။
ချယ်ဆီးအသင်းဟာ ငွေသုံးကြမ်းနေပေမဲ့လည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်နေသလို အခု ကစားသမား ၉ ဦးကို ရောင်းချပြီးတော့ ပေါင်သန်း ၂၀၀ အထိရှာဖွေသွားဖို့ ပြင်ဆင်နေပါတယ်။
မကြာသေးခင်က ဒီယေဂိုမိုရဲရားကို စထရာဘိုးအသင်းဆီ ပေါင် ၁.၇ သန်းနဲ့ရောင်းချခဲ့ပြီး နာပိုလီကို ပြောင်းရွှေ့ချင်နေတဲ့ လူကာကူ၊ ခရစ္စတယ်ပဲလေ့စ် ပစ်မှတ် ချာလိုဘာ၊ စတုဂတ်နဲ့ ဝုလ်ဗ်အသင်းတို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘရိုယာတို့ကို ရောင်းချတာကနေ ပေါင်သန်း ၇၀ ရနိုင်မယ်လို့ ချယ်လ်ဆီးအသင်းက မျှော်လင့်ထားပါတယ်။
ဒါ့အပြင် တောင်ပံတိုက်စစ်ကစားသမား မာဒူအီကီကို နယူးကာဆယ်အသင်းက ပစ်မှတ်ထားနေပြီး ခရစ္စတယ်ပဲလေ့စ်ပစ်မှတ် ချုကွာမက်ကာကိုလည်း ပေါင်သန်း ၃၀ နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။
လက်စတာအသင်းက ဒေးဗစ်ဖိုဖာနာ၊ ကတ်ဆိုင်ဒီတို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေသလို လိဒ်စ်နဲ့ဘန်လေအသင်းတို့က နောက်ခံလူ ဘတ်ရှီယာဟမ်းဖရေးကို အပြိုင်ကြိုးပမ်းနေကြပါတယ်။