ချဲလ်ဆီး ပစ်မှတ် ဂျာအို ဖိလစ် အတွက် တီကိုက ပြောင်းရွှေ့ကြေး သတ်မှတ်၊ နှစ်သင်းကြား ညှိမရအောင် ကွာဟနေ

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်း ပြန်ခေါ်ဖို့ ကြိုးစားလာတဲ့ ပေါ်တူဂီတိုက်စစ်မှူး ဂျာအို ဖိလစ် အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်ပြီး နှစ်သင်းကြား ညှိမရ ဖြစ်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးက ပြီးခဲ့တဲ့အပတ်မှာ အက်သလက်တီကို မက်ဒရစ်ကနေ ဆမူ အိုမိုရိုဒီယွန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အံ့အားသင့်ဖွယ် ပျက်ပြယ်သွားပြီးနောက် ဂျာအို ဖိလစ် ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အသက် ၂၀ အရွယ် စပိန်တိုက်စစ်မှူး အိုမိုရိုဒီယွန် ဟာ အနောက်လန်ဒန်ကို ပေါင် ၃၄.၅ သန်းတန်ကြေးရှိတဲ့ သဘောတူညီမှုနဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေခဲ့ပေမယ့်လည်း စာချုပ်ပါ အချက်အလက်တွေကို ညှိမရတာကြောင့် ပျက်ပြယ်သွားတာလို့ သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်ဟာ မန်စီးတီးတိုက်စစ်မှူး ယူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ချဲလ်ဆီး ကွင်းလယ်ကြယ်ပွင့် ကော်နာ ဂယ်လေဂါအတွက် သဘောတူညီမှုရရှိထားပြီးဖြစ်ပေမယ့် ဒီအပြောင်းအရွှေ့ကို အပြီးသတ်ဖို့အတွက် နောက်ထပ် ငွေကြေးအချို့လိုအပ်နေတာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်အပါအဝင် နှစ်သင်းစလုံးက ဒီအပြောင်းအရွှေ့ကို မပျက်စေချင်ဘဲ ချဲလ်ဆီးက လက်ရှိမှာ ဂယ်လေဂါရဲ့ အပြောင်းအရွှေ့အတွက် ငွေကြေးရရှိအောင် ဂျာအို ဖိလစ် ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ ၂၀၂၃ ခုနှစ်တုန်းက အငှားနဲ့ ၆ လ လာကစားခဲ့ဖူးပြီး စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်လာချင်နေတာကြောင့် လစာပါ လျှော့ယူသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးက အခုအချိန်အထိ တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးပါဘူး။ စပိန်မာကာရဲ့ သတင်းအရ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးအတွက် ကလပ် ၂ သင်းကြား သတ်မှတ်ထားတဲ့ဈေးက ကြီးကြီးမားမားကွာဟနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးက ဂျာအို ဖိလစ် အတွက် ယူရိုသန်း ၄၀ ဝန်းကျင်ပေးချေချင်နေပြီး အိုမိုရွန်ဒီယွန်အတွက် သဘောတူညီမှုရခဲ့တဲ့ ပမာဏအတိုင်းပဲ ပေးချေချင်နေပေမယ့် စပိန်လာလီဂါအသင်းက ဖိလစ် အတွက် ယူရို သန်း ၆ဝ အထိ တောင်းဆိုနေတာဖြစ်ပါတယ်။