ပါလ်မာ ရေပန်းအစားဆုံး ဖြစ်နေတဲ့ PFA တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု ဆန်ကာတင်များ

PFA တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု အတွက် ဆန်ခါတင် ၆ ဦးစာရင်းထွက်ပေါ်လာခဲ့ရာ အသင်းကြီးတွေထဲကနေ ချယ်ဆီးမှ ပါလ်မာ၊ အာဆင်နယ်မှ ဆာကာနဲ့ မန်ချက်စတာ ယူနိုက်တက်မှ ဂါနာချို၊ ကိုဘီမင်နူး တို့ ပါဝင်ခဲ့ပါတယ်။

အခု ဆန်ခါတင်စာရင်းကို PFA အဖွဲ့ဝင်တွေက မဲပေးရွေးချယ်ပြီးတဲ့နောက် တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ထို ၄ဦးနဲ့အတူ ဘိုင်ယန်သို့ ပြောင်းသွားသွားတဲ့ ခရစ္စတယ်ပဲလေ့စ် မှ အိုလီဆေး၊ ဘရိုက်တန် တိုက်စစ် ကစားသမား ယာအိုပတ်ဒရိုတို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၂၄ PFA လူငယ် အကောင်းဆုံးဆုအတွက် ပြိုင်ဆိုင်မှုက အရင်နှစ်တွေကထက် ပိုပြင်းထန်ပြီး အခုစာရင်းမှာ ပါဝင်ခဲ့သူတိုင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက သက်ဆိုင်ရာ ကလပ်အသင်းတွေအတွက် ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။

မနှစ်က PFA လူငယ်အကောင်းဆုံးဆု ရယူခဲ့သူ အာဆင်နယ်တောင်ပံတိုက်စစ်ကစားသမား ဆာကာကလည်း အသင်းအတွက် ၁၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ခဲ့ပြီး ဒီဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ချယ်ဆီးအသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့် ပါလ်မာဟာ ဆုရရှိဖို့ ရေပန်းစားဆုံး ဖြစ်နေပါတယ်။

အသက် ၂၂ နှစ်သာရှိသေးသူ ပါလ်မာဟာ ပြီးခဲ့တဲ့ ရာသီ အတွက် ပရီးမီးယားလိဂ် လူငယ်အကောင်းဆုံး ကစားသမား ဆု၊ ချယ်ဆီးအသင်း ၁ နှစ်တာ အကောင်းဆုံးနဲ့ အသင်းဖော်တွေက ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယူနိုက်တက် လူငယ်ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ဂါနာချိုနဲ့ကိုဘီမင်နူးတို့ဟာလည်း ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့အဓိက ကစားသမားတွေ အဖြစ် ပါဝင်ခြေစွမ်းပြခဲ့ကြပါတယ်။

ကိုဘီမင်နူးဟာ ခြေချင်းဝတ် ဒဏ်ရာကနေ ပြန်လာပြီး ယူနိုက်တက် စီနီယာ အသင်းအတွက် ပွဲဦးထွက်ခွင့်ရချိန်ကတည်းက ပုံစံကောင်းပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းကို ဗိုလ်လုပွဲရောက်ရှိအောင် ကူညီပေးခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုကတော့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၃၆ ပွဲကစား၊ ၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဂါနာချိုနဲ့ ကိုဘီမင်နူးတို့ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်အသင်း FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ယူဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။

PFA လူငယ်အကောင်းဆုံးဆုရရှိသူကို နောက်တစ်ပတ် အင်္ဂါနေ့ကျရင် ထုတ်ပြန်ကြေညာသွားမှာပါ။

ပရိသတ်တွေကတော့ ပရီးမီးယားလိဂ်မှာ ဟက်ထရစ်နှစ်ကြိမ်နဲ့အတူ ၂၂ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးပေးခဲ့တဲ့ ချယ်ဆီးကွင်းလယ်တိုက်စစ်သမား ကိုးလ် ပါးမားကို ဘယ်သူယှဉ်နိုင်မှာလဲလို့ ပြောဆိုနေကြပြီး တကယ်တမ်းမှာလည်း ကျန်တဲ့သူတွေအဖို အခွင့်အရေး နည်းပါးကြောင်းလည်း သိရှိရပါတယ်။