ဘယ်သူ့ ရောင်းထုတ်ထုတ်၊ သိပ် မတုန်လှုပ်ခဲ့တဲ့ နည်းပြ ပက် ကိုယ်တိုင်က မရောင်းဖို့ တောင်းဆိုထားရတဲ့ စီးတီး အသင်းသား

ဘယ်ကစားသမား ကို ရောင်းထုတ်ထုတ်၊ သိပ် မတုန်လှုပ်ခဲ့တဲ့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက ဒီနွေမှာ ကြယ်ပွင့်တစ်ဦးအား မရောင်းထုတ်ဖို့ စီးတီးအသင်း တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် ဂွာဒီယိုလာဟာ အသင်းမှာ ဆက်မနေလိုတဲ့ ဘယ်ကစားသမားကိုမှ ဆွဲထားလေ့ မရှိပါဘူး။ မနှစ်ကဆိုရင် ပါလ်မာကို ချယ်ဆီးအသင်းထံ ရောင်းချခွင့် ပြုခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် အသင်းမှာ တောက်ပလာမယ့် ကြယ်ပွင့် လူငယ်လေး တစ်ဦးကိုတော့ မရောင်းဘဲ အသင်းမှာ ဆက်ဆွဲထားဖို့ ဂွာဒီယိုလာက တောင်းဆိုခဲ့ပါတယ်။

သူကတော့ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူ ဂျိမ်းမက်အတီဖြစ်ပြီး ကွန်မြူနတီဒိုင်းပွဲမှာ ပွဲထွက်ခဲ့တဲ့ စီးတီး လူငယ် ၄ ဦးထဲက ၁ ဦးပဲ ဖြစ်ပါတယ်။

” အဆုံးသတ်ပိုင်းထဲ တိုက်စစ်ဆင်ဖို့ နေရာကျဉ်းကျဉ်းလေးတွေမှာ ဂိုးအာရုံခံနိုင်စွမ်းရှိတဲ့ ကစားသမားမျိုး ရှာတွေ့ဖို့က သိပ်ခက်ပါတယ်။ မက်အတီးမှာက အဲ့စွမ်းရည် ရှိနေပါတယ်။

ဒါကြောင့်ပဲ သူ့ကို အငှားလည်း မချနဲ့ ရောင်းလည်း မထုတ်နဲ့။ ဒီလို နေရာကျဉ်းကျဉ်းလေးမှာ ကစားနိုင်တဲ့ မက်အတီရဲ့ အရည်အချင်းတွေကို ကျနော်အသင်းမှာ လိုတယ်လို့ Txiki ကို အသိပေးထားရတယ် ” လို့ ဂွာဒီယိုလာက ရှင်းပြပါတယ်။

မက်အတီးမှာ သူ့စိတ်ကြိုက် အရည်အချင်းရှိတယ်လို့ ဂွာဒီယိုလာက မြင်ထားပြီး ဖိုဒန် နောက်ပိုင်း စီးတီးရဲ့ အကယ်ဒမီ ထုတ်ကုန်အဖြစ် စီနီယာအသင်းမှာ နေရာပေးလာဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။