
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အင်တာမီလန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲအပြီးမှာ ဘန် ချေးဝဲလ်ဟာ အတော် ခေါင်းစားနေခဲ့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ဒုအသင်းခေါင်းဆောင်ဟာ ရာသီကြိုမှာ ပွဲကစားချိန် တစ်မိနစ်မှ မရခဲ့ဘဲ လာမယ့် တစ်ပတ်မပြည့်ခင်မှာ ချဲလ်ဆီးက မန်စီးတီးနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။
ချေးဝဲလ်ဟာ အသက် ၂၇ နှစ်အရွယ်မှာပဲ ပရီးမီးယားလိဂ် ၈ ရာသီအတွေ့အကြုံရှိထားပြီးသား ကစားသမားဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ချဲလ်ဆီးရဲ့ ရာသီကြို ၃ ပွဲစလုံးကို အရန်ခုံကနေ ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။
ကူကူရယ်လာက အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ချဲလ်ဆီး ဘယ်နောက်ခံနေရာမှာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး မားကပ်စ် သူရမ်က စီးရီးအေကလပ်အတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အူဂိုချူကဝူက နောက်ကျချေပဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်နဲ့အတူ အကောင်းဆုံးပုံစံ ပြသခဲ့တဲ့ ကူကူရယ်လာက မာရက်စ်ကာရဲ့ ကစားကွက်ထဲမှာ အံဝင်နေတာ အံ့အားသင့်စရာမရှိဘဲ ချဲလ်ဆီးက ဘောလုံး ပိုင်ဆိုင်မှုရနေချိန်မှာ ခံစစ် ၃ ဦးကစားကွက်ပြောင်းကစားတဲ့ပုံစံကို အသုံးပြုနေတာဖြစ်ပါတယ်။
ချေးဝဲလ်က တိုက်စစ်တက်ဖို့ အားသန်တဲ့ နောက်ခံတောင်ပံလူဖြစ်တာကြောင့် မာရက်စ်ကာရဲ့ ကစားကွက်မှာ အံမဝင်နိုင်ဘဲ ပထမပိုင်းအပြီးမှာ ချဲလ်ဆီးနည်းပြက ကူကူရယ်လာကို အနားပေးချင်တာကြောင့် လူစားလဲခဲ့ချိန်မှာ ရီနာတို ဗေဂါကို ထည့်သွင်းပြီး ချေးဝဲလ်ကို ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပေးပို့လိုက်တာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အသက် ၂၁ နှစ်အရွယ်နောက်ခံကစားသမားကို ဒီနွေရာသီအစောပိုင်းမှာ ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဗေဂါက ဘယ်နောက်ခံနေရာမှာ ကူကူရယ်လာနေရာအတွက် အရန်သင့်အသုံးပြုခြင်းခံရမယ်ဆိုရင် ချေးဝဲလ်အနေနဲ့ ဘေးထွက်ထိုင်နေဖို့သာ ရှိတော့တာဖြစ်ပါတယ်။