မပြောင်းမလဲ ဒဏ်ရာ သတင်းဟောင်းတွေနဲ့ပဲ ဘောလုံးရာသီသစ်ကို စတင်လိုက်ပြန်တဲ့ ရိစ်ဂျိမ်းစ်

ချယ်ဆီး အသင်းရဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ဟာ အမေရိကန် ခရီးစဉ်က ပြန်လာအပြီး အသေးစား တံကောက်ကြော ဒဏ်ရာ တခု ရရှိခဲ့ပါတယ်။

အဲဒီ ဒဏ်ရာကြောင့် ရိစ်ဂျိမ်းစ် ဟာ ရာသီအစ ပွဲစဉ် တချို့ကို လွဲချော်မှာ ဖြစ်ကြောင်း The Athletic သတင်းဌာနက အတည်ပြုလာပါတယ်။

ရိစ်ဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ရာသီသစ်ကိုလည်း ဒဏ်ရာနဲ့ စတင် ဖွင့်လှစ်လိုက်ပြန်ပါပြီ။

အသက် ၂၄နှစ် အရွယ်ရှိ အင်္ဂလန်သား နောက်ခံလူ ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ရာသီက ရရှိခဲ့တဲ့ ၃ပွဲပယ် ပြစ်ဒဏ်ကြောင့် ရာသီအစ ပွဲတွေကို ပွဲပယ်မိကာ လွဲချော်ထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ရိစ်ဂျိမ်းစ် ကြံ့ခိုင်မှုပြန်ပြည့်လာမယ့် အချိန် အတွက် ချယ်ဆီးအသင်းဘက်က အလောတကြီး မဖြစ်နေဘူးလို့လည်း သိရပါတယ်။

နိုင်ငံတကာ သီတင်းပတ် အပြီး စက်တင်ဘာ ၁၄ ရက်နေ့မှာ ကစားမယ့် ဘုန်းမောက်နဲ့ ပွဲဟာ ရိစ်ဂျိမ်းစ် ဒဏ်ရာက ပြန်လာဖို့ အနီးဆုံး အချိန် အဖြစ် ချယ်ဆီးအသင်းဘက်က မျှော်မှန်းထားပါတယ်။