ကွန်မြူနတီဒိုင်း ကျိန်စာဆိုး ရှိပေမယ့် မန်စီးတီး ပရိသတ်တွေ ရင်အေးစေမယ့် ကိစ္စ ရှိနေပါတယ်

၂၀၂၄-၂၅ ရာသီ အဖွင့်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးအသင်းက မန်ချက်စတာယူနိုက်တက်ကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ယူပြီး ရာသီသစ်ကို အောင်ပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ၈၂ မိနစ်မှာ ဂါနာချိုက သွင်းယူခဲ့ပြီး မန်စီးတီးအတွက် ချေပဂိုးကိုတော့ ၈၉ မိနစ်မှာ အော်စကာဘော့ဘ် တင်ပေးလိုက်တာကို ဘာနာဒိုဆေးလ်ဗားက ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒီဂိုးဟာ မန်စီးတီးအသင်းရဲ့ ပထမဆုံ းဂိုးပေါက်တည့်မှုကနေ ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ ပြည့်မွေးနေ့မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားဟာ အာဆင်နယ်နာမည်ကျော်တိုက်စစ်မှူးဟောင်း ကာနူး (ယူနိုက်တက်နဲ့ပွဲ-၁၉၉၉) နောက်ပိုင်း ကိုယ့်မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ကွန်မြူနတီဒိုင်းပွဲမှာ ဂိုးသွင်းနိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်နဲ့ပြိုင်ပွဲစုံ ဆုံတွေ့မှုမှာ ဘာနာဒိုဆေးလ်ဗားရဲ့ သွင်းဂိုးပါဝင်ပတ်သက်မှုက ၁၀ ဂိုး (၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ်)အထိ ရှိလာပါပြီ။

မိနစ် ၉၀ အတွင်း ၁-၁ ဂိုးစီ သရေကျနေတဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့တာမှာတော့ မန်စီးတီးအသင်းက ၇-၆ ဂိုးနဲ့အနိုင်ယူပြီး ၂၀၁၉ နောက်ပိုင်းဝေးကွာနေတဲ့ ကွန်မြူနတီဒိုင်းကို ပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ကွန်မြူနတီဒိုင်းနဲ့အတူ ရာသီသစ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပေမဲ့ ကြမ္မာဆိုးတစ်ခုကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ ၁၃ ရာသီအတွင်း ကွန်မြူနတီဒိုင်းချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေဟာ အဲဒီရာသီ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်တာက ၁ ကြိမ်သာ ရှိခဲ့လို့ပါပဲ။

ဒါပေမဲ့ မန်စီးတီး ပရိသတ်တွေအတွက် စိတ်အေးစရာက အဲဒီ ၁ ကြိမ်မှာ ဗိုလ်စွဲခဲ့တဲ့အသင်းက မန်စီးတီးဖြစ်ပြီး ၂၀၁၈-၁၉ ရာသီတုန်းက ကွန်မြူနတီဒိုင်းရယူပြီးတော့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။