၃နှစ်ဆက်တိုက် လွဲခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲကို ဒီတကြိမ်တော့ မန်စီးတီး အရယူနိုင်ခဲ့ပါပြီ

စနေညက ဝင်ဘာလေကွင်းမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး တို့ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင် ကစားရာမှာတော့ စီးတီးဟာ ပြီးခဲ့တဲ့ ၃ နှစ် ဆက်တိုက် ကွန်မြူနတီဒိုင်း လွဲခဲ့တဲ့ မှတ်တမ်းဟောင်းကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

စီးတီးနဲ့ ယူနိုက်တက်တို့ဟာ ပုံမှန် ပွဲချိန် မိနစ် ၉ဝ အပြီးမှာ တစ်ဂိုးစီ သရေကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ခဲ့ပြီး ပင်နယ်တီမှာတော့ မန်စီးတီးက ၇-၆ ဂိုးနဲ့ အနိုင်ရခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီး လူစာရင်းက အားပျော့နေပြီး တိုက်စစ်မှာ ဟာလန်း၊ ဒိုကူ၊ ကွင်းလယ်မှာ ကိုဗာဆစ်တို့ ပါဝင်ကာ ဘော့၊ မက်အတီးတို့လို လူငယ်တွေကိုလည်း ထုတ်သုံးလာခဲ့တယ်။ ယူနိုက်တက် လူစာရင်းက စီနီယာတွေ ပိုစုံခဲ့ကာ အာမတ်နဲ့ မိုင်နူးတို့လည်း ဝင်ကစားခဲ့ပါတယ်။

ပထမပိုင်းမှာ မန်စီးတီးက ဘောလုံးကို ပိုကိုင်ကစားပေမယ့် ဖန်တီးနိုင်စွမ်းတွေမှာ နှစ်သင်းလုံး အခွင့်အရေးကောင်းတွေရခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အခွင့်အရေး တစ်ကြိမ်က ဂိုးရသင့်တဲ့ထိ ကောင်းခဲ့ပြီး အာမတ် ကိုယ်တိုင် အဆုံးမသတ်ခဲ့တာက နှမျောစရာဖြစ်ခဲ့ပါတယ်။

သွင်းဂိုးတွေကို ဒုတိယပိုင်းမှာ မြင်ခဲ့ရကာ ဖာနန်ဒက်စ်ရဲ့ သွင်းချက် အတော်ကောင်းပေမယ့် ပြေးလမ်းထွက်ချိန်မှာ လူကျွံနေခဲ့တယ်။ အဖွင့်ဂိုးကို ယူနိုက်တက်က သွင်းခဲ့ခြင်းဖြစ်ပြီး ညာတောင်ပံကနေ ဂနာချိုက အတွင်းကို ချိုးဝင်ကာ ဧရိယာထိပ်က ပိတ်သွင်းခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဦးဆောင်ခွင့်က သိပ်မကြာလှဘဲ အော်စကာ ဘော့ရဲ့ ဖန်တီးပေးမှုကနေ ဘာနာတိုက ခြေပဂိုး ရယူခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီမှာတော့ မန်စီးတီးဘက်က အဖွင့်ဂိုးကန်တဲ့ ဘာနာဒို လွဲချော်ခဲ့ပြီး ယူနိုက်တက်ဘက်က ဆန်ချိုနဲ့ အီဗန်တို့ လွဲချော်ခဲ့တာကြောင့် နောက်ဆုံး ၃ နှစ်လုံး ကွန်မြူနတီဒိုင်း ရှုံးထားတဲ့ မန်စီးတီးတို့ ဒီတစ်ကြိမ် ဒါဘီပြိုင်ဘက်နဲ့တွေမှ ပြန်လည် အောင်မြင်သွားခဲ့ပါတယ်။