
ဒီတလောမှာ ကစားသမားသစ်တွေ မနားတမ်းကို ခေါ်ယူနေတဲ့ ချယ်ဆီးက အခုတော့ အသင်းရဲ့ အမေရိကန် ဂိုးသမားလေး ဂါဘရီရယ် ဆလိုနီနာကို လိဂ်ဝမ်းကလပ် ဘန်စလေအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ တရားဝင် အငှားချလိုက်ပြီပဲ ဖြစ်ပါတယ်။
ကစားသမား အခေါ် ကြမ်းနေတဲ့ ချယ်ဆီးတို့ အခုအချိန်မှာ ကစားသမား ရောင်းထုတ်၊ ရှင်းထုတ်မှုတွေလည်း တရစပ် လုပ်လာပါတော့မယ်။
အသက်လက်တီကို မက်ဒရစ်အသင်းဟာ ချယ်ဆီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ကော်နာ ဂယ်လက်ဂါကို ပြောင်းရွှေ့ကြေး ယူရို (၄၂)သန်းနဲ့ တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ပြီး ၂၀၂၉ခုနှစ် ဇွန်လအထိ စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပါတယ်။
ဒါပေမယ့် ကစားသမား ခေါ်ယူမှုတွေကတော့ မရပ်သေးဘဲ ချယ်ဆီး အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် တောင်ပံကစားသမား ပတ်ဒရို နက်တိုကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်တယ်လို့ နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုလိုက်ပါတယ်။
ပြောင်းရွှေ့ကြေးက ယူရိုသန်း ၆၀ + အပိုဆုကြေး ယူရို ၃သန်း ဖြစ်တယ် လို့ သိရပါတယ်။
နက်တိုရဲ့ အေးဂျင့် ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်နဲ့ ချယ်ဆီးတို့ အကြား စောစောစီးစီး သဘောတူညီမှု ရခဲ့တာ ဖြစ်လို့ လစာ ပြဿနာလည်း မရှိသလို မကြာခင်မှာ ဆေးစစ်မှု ခံယူဖို့ နက်တိုဖက်က ပြင်ဆင်တော့မှာ ဖြစ်ပါတယ်။