
ချယ်ဆီး နည်းပြသစ် မာရက်စ်ကာဟာ နည်းပြဟောင်း ပိုချက်တီနိုရဲ့ နည်းဗျူဟာတွေ အတိုင်း ကစားနေကြတဲ့ သူ့ ကစားသမားတွေကို မကျေမနပ်ဖြစ်နေပြီး ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။
ချယ်ဆီးအသင်းဟာ အမေရိကန်ခြေစမ်းခရီးစဉ် နောက်ဆုံးပွဲဖြစ်တဲ့ ရီးယဲလ်နဲ့ပွဲမှာ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး စုစုပေါင်း ၅ ပွဲကစားခဲ့တာမှာ ၃ ပွဲရှုံးခဲ့သလို ပေးဂိုးကလည်း ၁၂ ဂိုးအထိရှိခဲ့ပါတယ်။
မာရက်စ်ကာက “ရာသီကြိုခြေစမ်း ခရီးစဉ် ပထမဆုံးနေ့မှာကတည်းက ခံစစ်ပိုင်းပြဿနာကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့တွေ နည်းလမ်း ရှာဖွေခဲ့တယ်။ ကစားသမားတွေနဲ့ ပထမဆုံးအကြိမ် ဆုံတွေ့ချိန်မှာ ပြီးခဲ့တဲ့ရာသီက ခံစစ်လိုင်းဟာ အရမ်း ရှေ့တက်လွန်းတာကြောင့် ဂိုးတွေ အများကြီးပေးခဲ့ရတဲ့အပေါ် ဆွေးနွေးခဲ့ပါတယ်။”
“အသင်းရဲ့ပြဿနာက ခံစစ်ကစားပုံပါပဲ။ ခံစစ်လိုင်းနေရာယူပုံသာမက ကစားသမားတွေအားလုံးရဲ့ စွမ်းဆောင်ရည်က ကျေနပ်စရာ မဟုတ်ခဲ့ပါဘူး။
ဒါပေမဲ့ အခုအချိန်မှာတော့ အမေရိကန်ခရီးစဉ်က အဆုံးသတ်သွားပါပြီ။ အခု ကျွန်တော်တို့တွေ လန်ဒန် ပြန်ပြီးရင် အင်တာမီလန်နဲ့ခြေစမ်းပွဲကစားမှာဖြစ်ပြီး အဲဒီပွဲပြီးရင်တော့ တရားဝင်ပွဲကြီး စတင်ကစားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ တနင်္ဂနွေနေ့မှာ အင်တာမီလန်နဲ့ခြေစမ်းပွဲကစားရမှာဖြစ်ပြီး နောက်တစ်ပတ် တနင်္ဂနွေနေ့ကျရင် ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် လက်ရှိချန်ပီယံမန်စီးတီးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံကစားရမှာဖြစ်ပါတယ်။
မန်စီးတီးနဲ့ပွဲကျရင် သူတို့အသင်းရဲ့ ခံစစ်ကြောင်း အားနည်းချက်ကို ဂွါဒီယိုလာက ကောင်းကောင်း အသုံးချသွားမှာကို မာရက်စ်ကာတစ်ယောက် စိုးရိမ်ပူပန်နေပါတယ်။
မာရက်စ်ကာက ” နောက်ခံလူတွေ ရှေ့ကို အရမ်းတက်တာက အကျင့်တစ်ခုလိုဖြစ်နေပါပြီ။ ကျွန်တော်တို့က ခံစစ်ကြောင်းကို ရှေ့တက်ကစားတဲ့ပုံစံနဲ့ သွားနေတာ မဟုတ်ပါဘူး”
“အဲဒီအကျင့်က မနှစ်ကပဲ ရလာတာလား.. ဒါမှမဟုတ် အရင်နှစ်တွေကတည်းကပဲ ကစားသမားတွေ ကျင့်သားရနေတာလားဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။”
“အဲဒီပြဿနာကြောင့်ပဲ မနှစ်က ကျွန်တော်တို့အသင်း ဂိုးတွေ အများကြီးပေးခဲ့ရတာပါ။ ဒီပြဿနာကို မကြာခင်အချိန်အတွင်း ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီး ဖွင့်ဟပြောဆိုခဲ့ပါတယ်။