ဂါလယ်ဂါ ကို ချယ်ဆီးက ဘယ်သူ့ကြောင့် ဇွတ်ရောင်းခဲ့ရတာလဲ ဖြေရှင်းလိုက်တဲ့ နည်းပြ မာရက်စ်ကာ

ချယ်ဆီးအသင်း အကယ်ဒမီထွက် ကစားသမား ဖြစ်သလို ချယ်ဆီး ပရိသတ်တွေရဲ့ အသည်းကျော် ကစားသမား ဖြစ်တဲ့ ကော်နာ ဂါလယ်ဂါ ကို မရောင်းချင်ဘဲ ဘာလို့ ရောင်းလိုက်ရသလဲ ဆိုတာကို နည်းပြ မာရက်စ်ကာ က ထုတ်ဖော် ပြောဆိုလာပါတယ်။

ချယ်ဆီး အကယ်ဒမီထံ အသက် ၈ နှစ်သားတည်းက ရောက်လာခဲ့ပြီး ၂၀၂၅ ထိသာ အသင်းနဲ့ စာချုပ် ရှိနေတဲ့ ဂါလယ်ဂါ ကို ချယ်ဆီးက ဒီနွေမှာ မဖြစ်မနေ ရောင်းချဖို့ ကြိုးစားလာခဲ့တာပါ။

နည်းပြ မာရက်စ်ကာက ဂါလယ်ဂါ ကို သူလည်း အသင်းမှာ ထားချင်ပေမယ့် ရောင်းချခဲ့ရတာက ပရီးမီးယားလိဂ် စည်းမျဉ်းတွေကြောင့်ပါလို့ ဖြေရှင်းချက် ပေးလာခဲ့ပါတယ်။

” ဒါက ချယ်ဆီးအသင်း ပြသနာကြောင့် မဟုတ်ပါဘူး။ လုပ်ရမယ့် စည်းမျဉ်းတွေကြောင့်ပါ။ လောလောဆယ်မှာ ကလပ်တွေက အကယ်ဒမီ ကစားသမားတွေကို ရောင်းချဖို့ ကြိုးစားနေကြတာ ဒီစည်းမျဉ်းတွေကြောင့်ပါ။ ဒါက ပရီးမီးယားလိဂ် ကလပ်တွေ အကုန်လုံး ရင်ဆိုင်နေရတဲ့ ပြဿနာပါပဲ။

ကျွန်တော်ကလည်း ကလပ်က အကယ်ဒမီထွက် ကစားသမားတွေကို မရောင်းဘူးပဲ ထင်ခဲ့တာ။ ဒါပေမယ့် စည်းမျဉ်း ရှိနေတော့ အဆုံးမှာ လုပ်လိုက်ရတာပဲ။ ဒါက ကျွန်တော်တို့တင် မဟုတ်ပါဘူး။ ဒါ နှမြောစရာပဲပေါ့ဗျာ။

အီတလီမှာဆို တော့တီက ရိုးမားနဲ့ နှစ် ၂ဝ ကြာ ကစားသွားတယ်။ One-club-man ကြီး။ ဘောလုံးမှာ ဒါမျိုးကို လုံးဝ ကြွေကြတယ်။ ပရိသတ်တွေကလည်း မြင်ချင်ကြတယ်။ အကယ်ဒမီ ကစားသမားတွေကို ကာကွယ်ချင်တယ် ဆိုရင်တော့ သူတို့ စည်းမျဉ်းတွေကို ပြောင်းဖို့ လိုပါတယ်။ ” လို့ မာရက်စ်ကာက ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေဟာ homegrown အကယ်ဒမီထွက် ကစားသမားကောင်း တစ်ဦးကို ကြေးမြင့်နဲ့ ရောင်းချနိုင်မှသာ ကလပ်ရဲ့ ဘဏ္ဍာရေး စာရင်းတွေမှာ အမြတ်အစွန်း အဖြစ် အပြည့်အဝ စာရင်း ဝင်မှာ ဖြစ်ပါတယ်။