အဆုံးမှာတော့ ချယ်ဆီးက ထွက်ဖို့ ဂယ်လက်ဂါ ခေါင်းညှိမ့်ခဲ့ပြီး ဆေးစစ်ဖို့ မက်ဒရစ်မြို့ကို သွားပါတော့မယ်

ချယ်ဆီးကွင်းလယ်လူ ဂယ်လက်ဂါဟာ အက်သလက်တီကိုအသင်းနဲ့ ဆေးစစ်မှုခံယူဖို့အတွက် မက်ဒရစ်မြို့ကို သွားတော့မှာဖြစ်ပြီး ဆေးစစ်မှုအောင်မြင်ရင် ၅ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ် အသင်းဟာ ဂယ်လက်ဂါကို ပေါင် ၃၃.၇ သန်းနဲ့ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက သဘောတူညီမှုရခဲ့တာဖြစ်ပြီး ကစားသမားဘက်က သဘောတူညီချက်ရဖို့ စောင့်ဆိုင်းခဲ့ပါတယ်။

ချယ်ဆီးအသင်းကတော့ ဂယ်လက်ဂါအတွက် အကောင်းဆုံးလမ်းက အသင်းနဲ့လမ်းခွဲဖို့ပဲဖြစ်တယ်လို့ အတိအလင်း အသိပေးခဲ့သလို အပြောင်းအရွှေ့ကိစ္စ ဖြစ်မြောက်လာအောင် အက်သလက်တီကိုအသင်းနဲ့ ဆွေးနွေးမှု အရှိန်မြှင့်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ဂယ်လက်ဂါဟာ အက်သလက်တီကိုအသင်းဆီ ပြောင်းဖို့ သဘောတူညီလိုက်တာကြောင့် သူ့အေးဂျင့်ဖြစ်သူ ပေါလ်နစ်ကိုးလ်နဲ့အတူ မက်ဒရစ်မြို့ကို သွားပြီး အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် အင်္ဂါနေ့ကျရင် တရားဝင်သတင်းထွက်ပေါ်လာဖို့ရှိပါတယ်။

ဂယ်လက်ဂါကို ခေါ်ယူဖို့ လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းကလည်း စိတ်ဝင်စားခဲ့ပေမဲ့ အက်သလက်တီကိုအသင်းကို မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင် ဂယ်လက်ဂါဟာ ပြီးခဲ့တဲ့ရာသီက ရိစ်ဂျိမ်းစ် မပါဝင်နိုင်ချိန်မှာ ချယ်ဆီ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပြီး သူက ချယ်ဆီးမှာ ဆက်နေချင်ပေမဲ့လည်း ကလပ်အသင်းဘက်က ၂ နှစ် စာချုပ်သက်တမ်းတိုးဖို့သာ ကမ်းလှမ်းခဲ့တဲ့အပေါ် မကျေနပ်ဘဲ ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဂယ်လက်ဂါဟာ တခြားအသင်းဖော်တွေလိုပဲ အသင်းနဲ့နှစ်ရှည်သက်တမ်းတိုးလိုပေမဲ့ ချယ်လ်ဆီးအသင်းဘက် မလိုက်လျောတဲ့အပြင် နည်းပြသစ် မာရက်စ်ကာကလည်း သူ့ရဲ့စီမံကိန်းတွေထဲမှာ ဂယ်လက်ဂါ မပါဝင်တော့ဘူးလို့ အသိပေးခဲ့တာကြောင့် ချယ်ဆီးကနေ ထွက်ခွာဖို့ အခြေအနေဖြစ်လာတာပါ။

ချယ်ဆီးအသင်းဟာ ဂယ်လက်ဂါရဲ့နေရာမှာ အစားထိုးဖို့ ပြီးခဲ့တဲ့ရာသီက ဆဲလ်တစ်အသင်းအတွက် ၃၇ ပွဲကစား၊ ၁၈ ဂိုးသွင်းယူခဲ့တဲ့ ကွင်းလယ်လူ မတ်အိုရိုင်လေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။