တိုက်စစ်မှုး လူကာကူအတွက် ချယ်ဆီးက အခြား ပရီးမီးယားလိဂ် ကလပ် တစ်သင်းနဲ့ သဘောတူညီမှုရထားပြီ သတင်းထွက်

ချယ်ဆီး တိုက်စစ်မှုး လူကာကူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချယ်ဆီးအသင်းနဲ့ အခြား ပရီးမီးယားလိဂ် ကလပ် တစ်သင်း ဖြစ်တဲ့ အက်စတွန် ဗီလာအသင်းတို့ရဲ့ကြားမှာ သဘောတူညီမှု ရရှိထားတယ်လို့ အီတလီ အခြေစိုက် Il Mattino သတင်းက ဖော်ပြလာပါတယ်။

ပုံစံအတိုင်းသာဆိုရင်တော့ အက်စတွန်ဗီလာဟာ လူကာကူကို အရင် သတင်းထွက်ထားတဲ့ နာပိုလီဆီကနေ ကြားဖြတ်လုဖွယ်တောင် ရှိနေပါတယ်။

ချယ်ဆီးက သူတို့ကစားသမားဟောင်း လူကာကူကို အင်တာမီလန်ကနေ ပြန်လည် ခေါ်ယူခဲ့ပြီးချိန်ကတည်းက အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို အင်တာဆီ ပြန်သွားချင်တယ်ဆိုတဲ့ စကားတွေ ပြောဆိုလာခဲ့ပြီးနောက် ချယ်ဆီးနဲ့ လူကာကူတို့ကြား လုံးဝ အဆင်မပြေ ဖြစ်သွားခဲ့ရပါတယ်။

ဒါကြောင့်ပဲ ချယ်ဆီးက လူကာကူကို ပြန်လည် ခေါ်ယူပြီး နောက်တစ်ရာသီမှာပဲ အင်တာဆီ အငှားချခဲ့သလို နောက်ရာသီမှာတော့ ရိုးမားဆီ ထပ်အငှားချခဲ့ပြန်ပါတယ်။

လက်ရှိမှာတော့ လူကာကူကို သူ့ဆရာဟောင်းဖြစ်တဲ့ နည်းပြ ကွန်တီက နာပိုလီအသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး ချယ်ဆီးကလည်း လူကာကူကို အသင်းကနေ အပြီးသတ် ရှင်းထုတ်သွားချင်နေပါတယ်။

နာပိုလီနဲ့ လူကာကူတို့ကြားမှာတော့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှု အထိ ရထားပေမယ့်လည်း နာပိုလီက အသင်းကနေ ဗစ်တာ အိုဆီမန် ထွက်သွားမှသာ သူ့နေရာအတွက် လူကာကူကို ပြန်အစားထိုးမှ ဖြစ်သလို အိုဆီမန်ကိုလည်း သူတို့ဘက်က သူတို့ လိုချင်တဲ့ တန်ကြေးရမှ ရောင်းထုတ်ဖို့ ရှိနေတာကြောင့် အပြောင်းအရွှေ့ (၂)ခုလုံးက ကြန့်ကြာနေရပါတယ်။

ဒီအချိန်မှာပဲ Il Mattino ကနေ လူကာကူရဲ့ အပြောင်းအရွှေ့အတွက် ချယ်ဆီးနဲ့ ဗီလာအသင်းတို့ကြားမှာ သဘောတူညီမှု ရရှိထားတယ်လို့ ဖော်ပြထားခဲ့သလို ချယ်ဆီးအနေနဲ့ လူကာကူကို ဗီလာဆီ ပြောင်းရွှေ့ဖို့ပါ ဖိအားပေးလာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် လူကာကူကတော့ သူ့ဆရာရှိရာ နာပိုလီဆီကိုပဲ ပြောင်းရွှေ့ချင်နေပါတယ်။

ဒါကြောင့်လည်း လူကာကူက ချယ်ဆီးအသင်းရဲ့ အမေရိကန် ရာသီကြို ခရီးစဉ်ကို ပူးပေါင်းခြင်း မရှိပဲ တစ်ဦးတည်းသာ လေ့ကျင့်ခန်းဆင်းနေသလို နာပိုလီဘက်က အိုဆီမန်ကို ရောင်းချမယ့်သတင်းကိုလည်း စောင့်မျှော်နေပါတယ်။