ယနေ့နံနက် အမေရိကန်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ မန်စီးတီးအသင်းက ချဲလ်ဆီးကို ၄-၂ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။
ချဲလ်ဆီးရဲ့ဆိုးရွားလှတဲ့ ခံစစ်ကစားသမားပုံက ဒီပွဲမှာ စကားပြောခဲ့ပြီး မန်စီးတီးကို ပွဲအစကတည်းက ဂိုးတွေ ဆက်တိုက်ဆိုသလို ပေးခဲ့ရပါတယ်။
မန်စီးတီးက စီနီယာ ကစားသမား ၁၅ဦးအထိ မပါဝင်ဘဲ ကစားခဲ့ပေမယ့် ပင်တိုင် ဂိုးသွင်းစက်ကြီး ဟာလန်းကတော့ သူ့အလုပ်သူလုပ်ပြီး ဟက်ထရစ်သွင်းပြသွားပါတယ်။
ပွဲအစ ၄မိနစ်မှာတင် ကိုဝဲလ်က ဟာလန်းကို ဧရိယာထဲ ကစားပုံကြမ်းတာကြောင့် မန်စီးတီးအသင်း ပင်နယ်တီရခဲ့ပြီး နော်ဝေ တိုက်စစ်မှူးကပဲ ဂိုးဝင်အောင် သွင်းသွားခဲ့ပါတယ်။
စက္ကန့်ပိုင်းအကြာမှာပဲ ကိုင်စီဒိုရဲ့လူပေးမှားမှုကနေ ဟာလန်းက မန်စီးတီးအတွက် ဒုတိယဂိုးကို သွင်းယူသွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးခံစစ်က အမှားတွေ ကျူးလွန်ခဲ့ပြီး စတာလင်၊ ဂတ်စ်တိုတို့ရဲ့ လူပေးပုံအမှားတွေကနေ အော်စကာဘော့နဲ့ ဟာလန်းတို့က ဂိုးတွေ ဆက်လက်သွင်းယူခဲ့လို့ လေးဂိုးပြတ် ရှုံးနိမ့်နေခဲ့ပါတယ်။
၅၉မိနစ်မှာတော့ ချဲလ်ဆီးတို့ ပြန်လာခဲ့ပြီး စတာလင်က ချေပဂိုးတစ်ဂိုး၊ ပွဲပြီးခါနီးမှာ မာဒူကီက ချေပဂိုးတစ်ဂိုး သွင်းယူခဲ့တာပါ။
ပွဲအပြီးမှာတော့ မန်စီးတီးက ချဲလ်ဆီးအသင်းကို ၄-၂ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့လက်ကျန် ခြေစမ်းပွဲ ၂ပွဲမှာ တိုးတက်မှု တစုံတရာ မပြနိုင်ရင်တော့ မန်စီးတီးနဲ့ ထပ်မံ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ အခုလိုပဲ ဆိုးရွားတဲ့ ရလဒ်ကို မျှော်လင့်ရဖို့ များနေပြီ ဖြစ်ပါတယ်။