ဂယ်လက်ဂါကို စီနီယာ အသင်းနဲ့ ပူးပေါင်းခွင့် ပိတ်ပင်ခဲ့တဲ့ ချယ်ဆီး တာဝန်ရှိသူတွေ အပေါ် ပရိသတ်တွေ ရှယ်တင်းနေပါပြီ

ချယ်ဆီးပရိသတ်တွေ ကတော့ ကွင်းလယ်လူ ဂယ်လက်ဂါကို စီနီယာအသင်းနဲ့ ပူးပေါင်းခွင့် ပိတ်ပင်လိုက်တဲ့အပေါ် ဒေါသ ပေါက်ကွဲနေကြပါတယ်။

ချယ်ဆီးတာဝန်ရှိသူတွေဟာ မနေ့က ဒီတပတ် ဂယ်လက်ဂါနဲ့ တွေ့ဆုံစကားပြောဆိုခဲ့ပြီး တနင်္လာနေ့ကျရင် အသင်းရဲ့ကော့ဘ်ဟန်လေ့ကျင့်ရေးကွင်းမှာ စတင်တော့မဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခွင့်ရမှာ မဟုတ်တော့ဘူးလို့ အသိပေးခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဂယ်လက်ဂါဟာ အသက် ၈ နှစ်အရွယ်ကတည်းက ချယ်ဆီး အကယ်ဒမီကို ရောက်ရှိခဲ့တာဖြစ်ပြီး သူက အသင်းရဲ့ ၃ နှစ်စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဂယ်လက်ဂါဟာ ချယ်ဆီးအသင်းမှာ ဆက်ကစားချင်ပေမဲ့လည်း တခြားအသင်းဖော်တွေကို ၇ နှစ်၊ ၈ နှစ်စတဲ့ နှစ်ရှည်စာချုပ် သက်တမ်းတိုးဖို့ အသင်းက ကမ်းလှမ်းခဲ့ပေမဲ့ သူ့ကျမှ ၃ နှစ်စာချုပ်နဲ့သာ ကမ်းလှမ်းခဲ့တဲ့အပေါ် မကျေမနပ်ဖြစ်နေပါတယ်။

အဲဒါကြောင့် ချယ်ဆီးအသင်း ဂယ်လက်ဂါကို ရောင်းချဖို့ စတင်စီစဉ်နေပြီး နည်းပြသစ်မာရက်စ်ကာကလည်း သူ့ရဲ့ ဘောလုံးပိုင်ဆိုင်မှုအသားပေးကစားဟန်နဲ့ ဂယ်လက်ဂါဟာ အဆင်မပြေတဲ့အတွက် ပွဲထွက်သုံးမှာ မဟုတ်ဘူးလို့ အတိအလင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်း ဂယ်လက်ဂါကို အက်စတွန်ဗီလာအသင်းက ပေါင် ၅၇ သန်းနဲ့ကမ်းလှမ်းခဲ့ပြီး ချယ်ဆီးအသင်းကလည်း လက်ခံခဲ့ပေမဲ့ ကစားသမားက ငြင်းဆန်ပယ်ချခဲ့ပါတယ်။

အခု လာလီဂါထိပ်သီး အက်သလက်တီကိုအသင်းဟာ ဂယ်လက်ဂါကို ပေါင် ၃၃ သန်းနဲ့ကမ်းလှမ်းထားပြီး ချယ်ဆီးအသင်းကလည်း လက်ခံလိုက်ပြီဖြစ်ပါတယ်။

ဒါပေမဲ့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့ လိုအပ်နေဆဲဖြစ်ပြီး အက်သလက်တီကိုအသင်းကတော့ သူတို့ဆီ ပြောင်းဖို့ ဆန္ဒရှိ၊ မရှိ အခုတစ်ပတ်အတွင်း အဆုံးအဖြတ်ပေးဖို့ ဂယ်လက်ဂါကို တောင်းဆိုထားပါတယ်။

ကွင်းတွင်းစွမ်းဆောင်ရည် အချက်အလက်တွေအရ ဂယ်လက်ဂါဟာ ပေါင်သန်း ၁၀၀ တန် ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ကိုင်စီဒို၊ အန်ဇိုဖာနန်ဒက်ဇ်တို့ထက် ပိုသာလွန်နေတာကို တွေ့ရမှာပါ။

မိနစ် ၉၀ အတွင်းမှာ ဂယ်လက်ဂါဟာ အန်ဇိုဖာနန်ဒက်ဇ်၊ ကိုင်စီဒိုတို့ထက် သွင်းဂိုး၊ ဂိုးဖန်တီးမှုအပိုင်းမှာ ပိုကောင်းတဲ့အပြင် တစ်ပွဲပျမ်းမျှ Tackles ပြုလုပ်နိုင်မှုမှာလည်း သာလွန်ခဲ့ပါတယ်။ ဒါ့အပြင် Interceptions နဲ့ အခွင့်အရေးဖန်တီးနိုင်မှုမှာလည်း ဂယ်လက်ဂါက သူ့အသင်းဖော်နှစ်ဦးထက် ပိုကောင်းခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဒီလိုကစားသမားမျိုးကို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ခဲ့တဲ့အတွက် ချယ်ဆီးပရိတ်တွေက မကျေမနပ်ဖြစ်ပြီး ရှက်စရာကောင်းသလို ရူးကြောင်ကြောင်နိုင်တဲ့လုပ်ရပ်လို့ အွန်လိုင်းမှာ ဝေဖန်ရေးသားမှုတွေပြုလုပ်ခဲ့ကြ ပါတယ်။